ငါးသည်ရဲ့ စကားနားယောင်ပြီး ငါးသည်းခြေ မြိုချမိတဲ့ မြန်မာပြည်က လူနာ ၂ ဦးရဲ့အဖြစ်
ကြက်မောက်တောင်ဆည်နား ရွာလေးတရွာက လူနာ ၂ ယောက် သုခပြည့်စုံ ဆေးရုံကို ရှေ့ဆင့် နောက်ဆင့် ရောက်လာပါတယ်။ ရောဂါလက္ခဏာတွေက ခပ်ဆင်ဆင်ပါ။ ခေါင်းမူးတယ်၊ ပျို့တယ်၊ ရင်ခေါင်းအောင့်၊ နောက်ကျောတက်၊ အစာမဝင် တဲ့။ အစကတော့ ပြင်ပလူနာအနေနဲ့ ကုသမယ် စိတ်ကူးပေမယ့် တနေရာတည်းက ၂ ယောက် ဆင်တူဖြစ်နေတာ ထူးခြားတယ် ဆေးရုံတင်ထားပြီး စောင့်ကြည့်ရင် ကောင်းမယ်လို့ ယူဆပြီး အစာအိမ်ရောင်ရမ်းနာလို့ သတ်မှတ်ပြီး ကုသစောင့်ကြည့်ခဲ့ပါတယ်။
ကိုယ့်အနားထား စောင့်ကြည့်ခြင်းရဲ့ ကောင်းကျိုးကြောင့် ဆီးထွက်နည်းတာကို သိရပြီး၊ ရောဂါ ရာဇဝင်ကို သေချာ ပြန်မေးကြည့်ရပြန်ပါတယ်။ ရောဂါ ရာဇဝင် သေချာလိုက်တော့မှ ငါးသည်းခြေက ဆေးဖက်ဝင်တယ် အစာအိမ်ရောဂါအတွက် ကောင်းတယ်ဆိုပြီး ငါးသည်က ညွှန်းလို့ ၂ ယောက်စလုံး အစိမ်းလိုက်မြိုချတဲ့ အကြောင်းရင်းကို သိလိုက်ရပါတယ်။
ဆီးဆိ-ပ်လို့ခေါ်တဲ့ urea နဲ့ creatinine တွေလည်း ထောင်တက်နေပြီး ကျောက်ကပ်လုပ်ငန်းလည်း ယာယီ ရပ်တန့်သွားခဲ့ပါပြီ။ ဆီးလုံးဝ မထွက်တော့ပါ။ သမားတော်ရဲ့ အကြံပြုချက်အရ မန္တလေး ပြည်သူ့ဆေးရုံကြီး ကျောက်ကပ်ဌာနကို အရေးပေါ် လွှဲလိုက်ရပါ၏။ ငါးသည်ရဲ့ ပါးစပ်မှာ လမ်းဆုံးပြီး မစဉ်းစား မဆင်ခြင်ပဲ ငါးသည်းခြေ စားလိုက်တာကြောင့် အင်မတန် တန်ဘိုးရှိတဲ့ ကျောက်ကပ်ပျက်စီးတတ်မှန်း သင်္ခန်းစာယူတတ်ကြဖို့ ရေးသားလိုက်ရပါတယ်။
Dr. Yu Wai