“ရွေးကောက်ပွဲ မသေချာသော်လည်း NLD ကို ပြိုင်တိုင်း ရှုံးလေ့ရှိသည့် ကြံ့ခိုင်ရေးပါတီက မနားမနေ စည်းရုံးရေးဆင်းနေ”

NLD ကို ပြိုင်တိုင်း ရှုံးလေ့ရှိသည့် ကြံ့ခိုင်ရေးက နိုင်ငံအနှံ့ခုခံမှုများ မြင့်နေချိန်တွင် အာဏာသိမ်းစစ်ကောင်စီ ကျင်းပမည်ဆိုသော ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသည်

 

စစ်ရုံးချုပ်ရှိရာ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်း ကြံ့ခိုင်ရေးက ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပေါင်းကာ အိမ်ဂရန်မရသေးလျှင် ကူညီမည်ဆိုကာ ဒေသခံတို့ကို မက်လုံးပေးနေသည်။

စစ်ကောင်စီပြောခွင့်ရ ဒုပြန်ကြားရေးဝန်ကြီး ဇော်မင်းထွန်းကမူ ရွေးကောက်ပွဲ ဖြစ်မဖြစ် မသေချာကြောင်း ယမန်နေ့တွင် ထုတ်ဖော်ပြောဆိုထားသည်။

ဒီမိုကရေစီရေးလှုပ်ရှားသူများအပေါ် ကောက်ကျစ်သည့် နည်းပေါင်းစုံသုံးလျက် အသက်ရန်ရှာရန် ဝန်မလေးသူ၊ အာဏာရှင်တိုင်း၏ လက်စွဲတော်ဖြစ်ခဲ့သူ ရဲချုပ်ဟောင်း ဦးခင်ရီက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားကာ စစ်ခေါင်းဆောင်၏ လက်စွဲတော်များ ပါတီထိပ်သီးတာဝန်များရယူခဲ့သည့် ၂၀၂၂ အောက်တိုဘာနောက်ပိုင်းတွင် USDP ပါတီ၏ လှုပ်ရှားမှုများ မြင့်တက်လာခြင်းဖြစ်သည်။

ဦးခင်ရီက နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ ရှမ်းတောင်ပိုင်းကဲ့သို့ လုံခြုံရေးအရ အတော်အတန် တည်ငြိမ်မှုရှိသော တိုင်းနှင့် ပြည်နယ်အချို့တွင် ပါတီဝင်များ၊ အသင်းအဖွဲ့များ၊ ပါတီဝင်ဟောင်းများနှင့် လိုက်လံတွေ့ဆုံနေ သည်။

စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်၏ ပါတီဥက္ကဋ္ဌ ဘူးလက်လှဆွေသည် ဇန်နဝါရီ ၂၁ ရက်က ပျဉ်းမနားမြို့နယ်ရုံး၌ ပြုလုပ်သည့် ပရဟိတအသင်းများနှင့် တွေ့ဆုံပွဲတစ်ခုတွင် USDP ကို မဲထည့်ရန်၊ အောင်နိုင်ရေးအတွက် ကူညီရန် ထုတ်ဖော်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထို့အပြင် တပ်ချုပ်ရုံးတည်ရှိရာ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း ကြံ့ခိုင်ရေးပါတီက ဆိုင်းဘုတ်များကို ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် လိုက် လံစိုက်ထူနေသလို ဒေသခံလူထုကို မက်လုံးပေး၍ မဲဆွယ်မှုများလုပ်နေသည်ဟု စုံစမ်းသိရှိရသည်။

ဇေယျာသီရိမြို့နယ် အောင်ဇေယျရပ်ကွက်တွင် ၂၀၂၂ ဒီဇင်ဘာ ၁၄ ရက်က ရပ်ကွက်အုပ်ချုပ်မှူးရုံးရှေ့ ပါတီဆိုင်းဘုတ် စိုက်ထူပွဲတွင် ဒေသဆိုင်ရာ USDP တာဝန်ရှိသူများက မက်လုံးပေး၍ ပေါ်ပေါ်ထင်ထင် မဲဆွယ်မှုများ လုပ်ခဲ့သည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် ချိတ်ဆက်ရာ မြို့ရှောင်လမ်းပေါ်မှ လှေခွင်းတောင်သို့ သွားသည့် ဧည့်ဝင်လမ်းပေါ် အောင်ဇေယျရပ်ကွက်ရှိ ဒေသအခေါ် ကွက်သစ်တွင် အိမ်ဂရန်မရသေးသူများကို ကူညီမည်ဟု ကြံ့ခိုင်ရေးပါတီနှင့် ရပ်ကျေး အုပ်ချုပ်ရေး ၂၀ ကျော်ပါ အဖွဲ့က လိုက်လံပြောဆို စည်းရုံးနေကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ထပ်နိုင်သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က ပယ်ဖျက် အာဏာသိမ်းပြီးနောက်၊ NLD အကြီးအကဲများ၊ ပါတီဝင်များ၊ ထောက်ခံသူများ ဖမ်းဆီးခံထားရချိန်တွင် စစ်ကောင်စီ စီစဉ်မည်ဆိုသော ရွေးကောက်ပွဲအတွက် NLD ကို ပြိုင်တိုင်းရှုံးလေ့ရှိသည့် ကြံ့ခိုင်ရေးပါတီက ပြင်ဆင်နေခြင်းဖြစ်သည်။

Myanmar Now

Leave a Reply

Your email address will not be published. Required fields are marked *