စစ်ကောင်စီက ရှောင်တာနယ် လွတ်ငြိမ်းချမ်းသာခွင့် ပြန်လည်ပယ်ဖျက် ရူးကြောင်ကြောင်လုပ်ရပ်ဟု ဥပဒေကျွမ်းကျင်သူများမှတ်ချက်ပြု
သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင်ရှောင်တာနယ်လ်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှ ပြန်လည် ပယ်ဖျက်ကြောင်း စစ်ကောင်စီကြေညာချက်သည် ရူးကြောင်ကြောင်လုပ်ရပ်ဟု ဥပဒေကျွမ်းကျင်သူအချို့မှပြောသည်
သြစတြေးလျနိုင်ငံသားစီးပွားရေးပညာရှင်ရှောင်တာနယ်လ်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှ ပယ်ဖျက်ကြောင်း စစ်ကောင်စီက ဇန်နဝါရီ ၆ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်
” ရူးနေလားမသိပါဘူးဗျာ။ ရှောင်တာနယ်ကဖြင့် သူ့နိုင်ငံမှာသူ အေးဆေးပဲ ဒါကို မြန်မာနိုင်ငံကနေ ပါဝါလှမ်းပြနေသေးတယ်။ ဟိုကရယ်နေမှာ”ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးကပြောသည်
စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းပြီးနောက် ရက်အနည်းငယ်အကြာတွင် ဖမ်းဆီးခဲ့သော ရှောင်တာနယ်လ်ကို ပြီးခဲ့သည့် နိုဝင်ဘာလ၁၇ ရက်(အမျိုးသားနေ့)တွင် လွှတ်ငြိမ်းခွင့်ပြုခဲ့ပြီး ပြည်နှင်ဒဏ်ပေးခဲ့ခြင်းဖြစ်သည်
သြစတြေးလျနိုင်ငံကို ပြန်ရောက်ချိန်တွင် ရှောင်တာနယ်လ်က ထောင်တွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို သတင်းဌာနများမှတဆင့် ဆက်တိုက်ဖွင့်ချခဲ့သည်
ထို့အပြင် ထိန်းသိမ်းခံထားရစဉ် တရားခွင်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရသည့်အချိန်က ဒေါ်အောင်ဆန်းစုကြည်က လှို့ဝှက်မှာကြားခဲသည်များကို ဖွင့်ချခဲ့သည်
ဒီမိုကရေစီအရေးအတွက် လူငယ်ခု၏စိတ်အားထက်သန်မှုကို ကျေးဇူးတင်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ဟု ရှောင်တာနယ်က ဖွင့်ချခဲ့သည်
မြန်မာနိုင်ငံနှင့်ပတ်သက်သော အမှန်တရားများကို ကမ္ဘာ့သို့ချပြရန် ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်သည်ဟုလည်း ရှောင်တာနယ်လ်က နိုင်ငံတကာမီဒ်ယာများမှတဆင့် အသိပေးခဲ့သည်
ရှောင်တာနယ်လ်သည် လွတ်မြောက်လာပြီးနောက် လူမှုကွန်ရက်နှင့်သတင်းမီဒီယာများတွက် မြန်မာနိုင်ငံအရေး မဟုတ်မမှန်ပြောနေ၍ လွတ်ငြိမ်းခွင့်ပယ်ဖျက်ခြင်းဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်
” စစ်ကောင်စီကစကားမတည်တဲ့အဖွဲ့၊နိုင်ငံတကာဥပဒေကိုမသိ၊ မလေးစား၊ မလိုက်နာတဲ့ အဖွဲ့အစည်းလို့ပဲ နိုင်ငံတကာက မြင်ကြမှာပါ။ စစ်ကောင်စီအတွက်တော့ အရှုံးကြီးပဲ” ဟု ဥပဒေပညာရှင်တစ်ဦးကပြောသည်