အရောင်ပြောင်းကြတော့မည့် ပုတ်သင်ညိုများ
*************

အကြမ်းဖက် စစ်ကောင်စီသည် လူထု ကို ၎င်းတို့ လက်ခုတ်ထဲက ရေ ကဲ့သို့ သဘောထားက သွန်ချင်သလို သွန် မှောက်လို မှောက် သဘောထားနေပြီး ထောက်ခံ အားပေးသူများအား နိုင်ငံတော်၏ ဘဏ္ဍာတိုက်ထဲမှ ထုတ်နှုတ် အသုံးပြုကာ ဘွဲ့ထူး ဂုဏ်ထူးများ ဖေါဖေါသီသီ ပေးအပ်ပြီး ထောက်ခံမှု ရရှိအောင်၊ မိမိတို့ နှင့် တဖွဲ့တည်း ဟု ယူဆလာအောင် ကြိုးပမ်းနေသည်

ထိုအထဲတွင် ကမ္ဘာ အထင်ကရ တိုင်းမ် မဂ္ဂဇင်းကြီး မှ ၂၀၁၃ နှစ်အတွင်း “The Face of Buddhist Terror” ဟု မျက်နှာဖုံး မှ ဖေါ်ပြခြင်း ခံရသော အမျိုးဘာသာ ဆိုကာ သွေးမြောက် ဂျိုကြွနေသူ firebrand ဟု ဝီရသူ အား သီရိပျံချီ ဆုတံဆိပ် ကို အကြမ်းဖက် စစ်ခေါင်းဆောင်မှ ချီးမြှင့်လိုက်သည့် သတင်းသည် ကမ္ဘာ သတင်းစာမျက်နှာ တွင် ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ဝရမ်းပြေး က သီရိပျံချီ ဆုတံဆိပ် ရနေသော ခေတ်ကြီး ဖြစ်နေသည်

ထိုသို့ အပေးခံရသူများသည်လည်း မိမိတို့ အနေချောင်၊ စားပေါက် ချောင်အောင် ကြိုးစားပေးနေသူများဟု ယူဆကာ မျက်စိမှိတ် ထောက်ခံနေကြသော်လည်း တဖက်တွင် လိုအပ်လျှင် ဆိုကာ ပြေးပေါက် ကို ရှာကြံစဉ်းစားနေကြရသူ များ ဖြစ်လာနေသည် ထိုသို့ ဆုပေးခြင်း များသည် တခါတရံ ခြံစည်းရိုး ခွထိုင်သူများကိုပင် အရောင်ပြောင်းသွားပြီ အဖြစ် ထင်မြင်လာ‌စေရန် ကြိုးပမ်းခဲ့မှုများလည်း ရှိလာခဲ့သည်

လူထု ကျပ်တည်းလာနေသည့် အရေးကိုပင် ဖြေရှင်းပေးရန် ဆန္ဒမရှိပဲ၊ ကျပ်တည်းလေ တိုင်းပြည် မငြိမ် မသက် ဖြစ်အောင် လုပ်နေသည့် တော်လှန်ရေး အင်အားစုများ ကို ငြိုငြင် လာလေလေ ဖြစ်ကြမည်ဟု ပင် ယူဆနေကြသည်

အဓိက နယ်စပ် ကုန်သွယ်‌ရေး လမ်းကြောင်း ဖြစ်သည့် မြဝတီ-မဲဆောက် လမ်းမကြီးအား ပိတ်ဆို့ထားသည်မှာ ရက်ပေါင်း နှစ်ဆယ်ပင် ရှိသွားပြီး တောလမ်းမှ ပင် ဖြတ်ကာ သွားနေရ၍ ဝန်ဆောင်ခများ မြင့်တက်ကာ ကုန်ဈေးနှုန်းများပင် တရိပ်ရိပ် တက်လာနေပြီ ဖြစ်သည်ဟု ဆိုသည်

မင်းအောင်လှိုင်၏ ၂၀၂၂ ဩဂုတ်လ ၈ ရက်နေ့ အစည်းအဝေး တွင် ပြည်ပထွက်ခွာလိုသော လူငယ်များ အလွန် များပြားနေ၍ နိုင်ငံကူး လက်မှတ် ထုတ်ပေးခြင်းကို တင်းတင်းကျပ်ကျပ် စီစစ်ရန် ညွှန်ကြားချက်အရ အာဏာသိမ်း အဖွဲ့၏ ပြည်ထဲရေး ဝန်ကြီး ကိုယ်တိုင် နိုဝင်ဘာလ အတွင်း ကွင်းဆင်း စစ်ဆေးကာ ပိတ်ထားရန် ညွှန်ကြားချက်အရ ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်၊ ထို့အတွက် သုံးလေးလ ခန့် QR ကုဒ် များ ယူထားသူများလည်း အကျုံးမဝင် ဖြစ်သွားခဲ့ရသည်

အာဏာသိမ်း အဖွဲ့သည် နှစ်နှစ်မျှ ကြာအောင် တိုင်းပြည်အာဏာ ဆုပ်ကိုင်ထားသော်လည်း မိုးပြောဂျိုးပြော များ ပြောနေသည်မှ လွဲ၍ လူထု စားဝတ်နေရေး သက်သာ ချောင်ချိလာအောင် မယ်မယ်ရရ လုပ်ပြနိုင်ခဲ့ခြင်းမျိုး တခုတလေမျှပင် မတွေ့ရဘဲ အပျော်အပါးများစွာ မျိုးစုံ ဖန်တီး၊ ဆုတံဆိပ်များ ပေး အစရှိသည့် နည်းမျိုးစုံဖြင့် လှည့်ဖျားနေကြရသည်

ယခုလည်း အာဏာသိမ်း အဖွဲ့သည် ပြည်သူများ အား ငနုံငအ နင်းပြား များ ဟု ယူဆကာ ၎င်းတို့ ကြုံတွေ့နေရသော ဖွဲ့စည်းပုံ အကျပ်အတည်းကို အလွယ်တကူပင် အမည် ပြောင်း အသက်ဆက် နိုင်ရန် ကြိုးပမ်းနေသည်ဟု ဧရာဝတီ သတင်း တွင် ဖေါ်ပြလာသည်

၎င်းတို့၏ ဖွဲ့စည်းပုံကပင် ကာလုံသည် အရေးပေါ် အခြေအနေ ကျေညာထားမှုကို တနှစ်သာ သတ်မှတ်နိုင်ပြီး လိုအပ်ပါက ခြောက်လ တကြိမ် နှင့် နှစ်ကြိမ်အထိသာ သက်တမ်း တိုးမြှင့်နိုင်မည် ဖြစ်သည်

တကယ်တမ်း တွင် ဖွဲ့စည်းပုံ ရေးဆွဲခဲ့ကြသူများသည် ထိုသို့ ဖြစ်လာက မင်းအောင်လှိုင် လို အတွေးအခေါ် လွန်စွာ ညံ့ဖျင်းသော ကာချုပ် မှ စီမံ ခန့်ခွဲရလိမ့်မည်ဟု တွေးထားကြခြင်း မရှိသည်မှာ ထင်ရှားနေသည်၊ သို့မဟုတ်က “လိုအပ်သလို” သက်တမ်းတိုးမည်ဟု ထည့်သွင်းရေးဆွဲကြမည်မှာ ကြိမ်းသေလှပေသည်။ဖွဲ့စည်းပုံအရ လက်ရှိ စစ်ကောင်စီ သည် ရုပ်သေး သမ္မတ မြင့်ဆွေကို ပြန်လည် လွှဲပြောင်းပေးရမည် ဖြစ်သည်

သို့သော် ရွှေစားလွယ်ကြီး တကားကား နှင့် အတင်းကာ‌ရော သမ္မတ လုပ်နေသော မင်းအောင်လှိုင်သည် ထိုသို့ စဉ်းစားမည်လော၊ လွှဲပေးသည် ဆိုကလည်း ၂၄ နာရီ မပြည့်ခင်မှာပင် မြင့်ဆွေမှ အသစ် ပြန်လည် ဖွဲ့စည်းလာသော “အသွင်ကူးပြောင်းရေး ကောင်စီ” ဟု အမည်ပေးထားသည့် စစ်ကောင်စီ ကို ပြန်လည် လွှဲပေးကြောင်း ပြောလာကြမည်သာ ဖြစ်သည်

ယခုအခါ ရွေးကောက်ပွဲ ကိုလည်း အဓိက ဝင်ရောက်ယှဉ်ပြိုင်မည့် ကြံဖွတ် ပါတီ မှ အမာခံ များ အား ရပ်ကျေး အုပ်ချုပ်ရေး မှုးများ ခန့်ကာ မဲစာရင်း ပြုစုပြီး ယခင် လုပ်ကိုင်ခဲ့ဖူးသူ ကော်မရှင် အဖွဲ့ဝင်များကို ဆက်သွယ်နေပြီ ဖြစ်သည်ဟု သိရသည်
လာမည့် ရွေးကောက်ပွဲ သည် ဘောလုံးပွဲတွင် ကွင်းလယ် ဒိုင် အဖြစ် ယှဉ်ပြိုင်နေသည့် အသင်း၏ နည်းပြ ကို ခန့်ထားခြင်းနှင့် မခြားဟုသာ ဆိုရမည် ဖြစ်သည်
မည်သို့ပင် အမည်များ ပြောင်းစေကာမူ လူကတော့ ပြောင်းလဲခြင်း ရှိမည် မဟုတ်၍ လာမည့် ရွေးကောက်ပွဲ ကြောင့်လည်း ဒီမိုကရေစီ သည် မူးလို့ပင် ရှုစရာ ရှိမည် မဟုတ်ဟု ဆိုသည် မင်းအောင်လှိုင်သည် လွှတ်တော်တွင် ပင် ၂၅ ရာနှုန်း ကိုပင် ပြည့်မှီအောင် စေလွှတ်နိုင်တော့မည် မဟုတ်ပေ

ထင်ရှားနေသည့် အချက်ကတော့ မြောက် အုန်းသီးရ ဖြစ်နေသော မင်းအောင်လှိုင် ဦးဆောင်မှု အောက်တွင် ၎င်း၏ ရူးနှမ်းနှမ်း အတွေး အခေါ် များကို ကြိတ်မှိတ် ထောက်ခံနေကြရသော စစ်ကောင်စီ သည် အရေးပေါ် အခြေအနေကို ယခုထိ ရုပ်သိမ်းနိုင်ခြင်း မရှိသည်က သေချာနေပေသည်၊ အရေးပေါ် အခြေအနေ ရုပ်သိမ်း နိုင်ခြင်း မရှိသည်ကပင် တိုင်းပြည်ကို အုပ်ချုပ်၍ မရ ဖြစ်နေပြီဟု ဝန်ခံနေခြင်းပင် ဖြစ်သည်

ရွေးကောက်ပွဲသည် ၎င်းတို့ စိတ်ကူးယဉ်နေသလို ဖြစ်သည်ပဲ ဆိုစေဦး မင်းအောင်လှိုင် သမ္မတ ဖြစ်သွားသည်က လွဲ၍ ဒုံရင်း ဒုံရင်း အတိုင်းပင် ရှိနေမည် ဆိုသည်ကား သေချာနေပေသည်

ထိုအခြေအနေထိ ဖြစ်လာလျှင် အနောက်အုပ်စုသည် ၎င်းတို့ ၏ မူဝါဒ ကျဆုံးခန်း အဖြစ် အထုတ်ဖြေပြလိုက်သလို ဖြစ်သွားနိုင်၍ ပို၍ ပြင်းထန်စွာ တုန့်ပြန် အရေးယူလာကြမည်ကား သေချာနေသည်ဟု ဘန်ကောက်ပို့စ် သတင်းစာ အယ်ဒီတာ အာဘော်တွင် ဖေါ်ပြထားသည်

ထိုင်းအစိုးရ အနေဖြင့် PTT ကဲ့သို့ မိမိတို့ အကျိုးစီးပွားတခုတည်းသာ ကြည့်၍ မြန်မာနိုင်ငံ အတွင်း စစ်တပ်မှ ၎င်းတို့ ပြည်သူများအား ရက်စက်စွာ ဖိနှိပ်သတ်ဖြတ် မီးရှို့နေမှု များကို မျက်စိမှိတ် ထောက်ခံနေသည်ဟု ကမ္ဘာ အမြင် စောင်းနေမှု ကို ဖယ်ဖျောက်ပစ်နိုင်အောင် ၎င်းတို့၏ လုပ်ရပ်များသည် ကိုယ်ကျင့်တရားအရ မည်သို့မျှ လက်မခံ နိုင်ကြောင်း ထုတ်ပြောရတော့မည့် အချိန် ရောက်ပြီ ဟု တိုက်တွန်းထားသည်

မည်သူက မည်သို့ပင် ပြောသည်ဖြစ်စေ တိုင်းပြည် နှင့် လူထုကို ကယ်တင်နိုင်မည့် တခုတည်းသော နည်းလမ်းသည်ကား တော်လှန်ရေး ကြီး အောင်မြင်နိုင်ရေးသာ ဖြစ်ပေတော့မည်ဟု ပြည်သူများကတော့ မှတ်ယူထားကြပြီး ဖြစ်သည်

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

Hla Soewai

 

Leave a Reply

Your email address will not be published. Required fields are marked *