အာဏာမသိမ်းမီ မင်းအောင်လှိုင် တောင်းဆိုမှု နှင့် နိုင်ငံတော် အတိုင်ပင်ခံ ၏ တန်ပြန် အဆိုပြုချက် ထွက်ပေါ်
***************

ရွေးကောက်ပွဲ လမ်းကြောင်း ဖြင့် ၎င်းအား သမ္မတ ဖြစ်ရေး ကို လက်ဝေခံ ပါတီများက ဆောင်ကျဉ်း ပေးနိုင် ခဲ့ခြင်း မရှိသည်ကို သိမြင်လာသော မင်းအောင်လှိုင်သည် လက်နက်အားကိုးဖြင့် အာဏာမသိမ်းမီ ရက်အနည်း ငယ် အလိုတွင် သူ့အား သမ္မတ အဖြစ် ခန့်အပ်ရန် နိုင်ငံတော် အတိုင်ပင်ခံ ကို အကျပ်ကိုင် တောင်းဆိုခဲ့သည့် သတင်းသည် ပျံ့နှံ့ ထွက်ပေါ်လာသော်လည်း ယခုအခါ အသေးစိတ်ကို အမေရိကန် နိုင်ငံသား ဖြစ်သူ ဦးကျော်ဌေးဦး မှ ဧရာဝတီသို့ ပြောပြခဲ့သည်ဟု ဆိုသည်

ဦးကျော်ဌေးဦးသည် ရုက္ခဗေဒ ပညာရှင် တဦး ဖြစ်ပြီး မြန်မာပြည်သို့ ပြန်လာကာ ဒေါ်ခင်ကြည် ဖေါင်ဒေးရှင်းမှ တည်ထောင်ထားသော “လ‌ရောင်တော” သစ်သီးဝလံပန်းမန် ဥယျာဉ် စိုက်ပျိုးခြင်းအတတ် ပညာသင်ကျောင်း ကို ဦးစီးလုပ်ကိုင်ပေးခဲ့သူ ဖြစ်သည်။ သူသည်လည်း မင်းအောင်လှိုင်၏ စက်ကွင်းမှ မလွတ်ရှာဘဲ ကုလသံ အမတ်ကြီး ဦးကျော်မိုးထွန်း အား ဖုန်းဖြင့် ဆက်သွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် အစားအသောက်များ ပေးပို့နိုင်ဖို့ စီစဉ်ပေးရန် တောင်းဆိုခဲ့သည် ဆိုကာ ၂၀၂၁ စက်တင်ဘာလ အတွင်း ဖမ်းဆီးခြင်း ခံခဲ့ရပြီးနောက် ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်း လွတ်ငြိမ်းချမ်းသာ ခွင့် ဖြင့် ပြန်လည် လွတ်မြောက်လာသူ ဖြစ်သည်။ သူ နှင့် ဒေါ်အောင်ဆန်းစုကြည်သည် အာဏာမသိမ်းမီ နာရီပိုင်း အလိုတွင် နေပြည်တော်ရှိ သူမ၏ အိမ်တွင် တွေ့ဆုံ ဖြစ်ခဲ့သည်ဟု ဆိုသည်

သူသည် ၁၉၈၈ လူထု အုံကြွမှု ကြီး အတွင်း သူ၏ နိုင်ငံရေး ခံယူချက်ကြောင့် နှစ်ကြိမ်တိုင်တိုင် အကျဉ်းချ ခံခဲ့ရသူလည်း ဖြစ်သည်

ယခု ဧရာဝတီသို့ ထုတ်ပြောခဲ့သည့် အကြောင်းများကို ထောင်တွင်း ရှိနေစဉ် နိုင်ငံတော် အတိုင်ပင်ခံ၏ အနီးကပ် ပုဂ္ဂိုလ်များမှ တဆင့် သိခဲ့ရသည်ဟု ဆိုသည်

မင်းအောင်လှိုင်မှ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး တားမြစ်ထားသော ဖွဲ့စည်းပုံ ပုဒ်မ ၅၉ (စ) အား ပယ်ဖျက်ပေးမည် သူမအားလည်း ပထမ သုံးနှစ် သက်တမ်း သမ္မတ ဖြစ်ခွင့်ပေးပြီး ကျန်သည့် နှစ် နှစ် နှင့် နောက်ပိုင်းတွင် သူ့ကို လုပ်ခွင့်ပေးရမည် ဆိုကာ ချဉ်းကပ် ဆွေးနွေးလာခဲ့သည် မင်းအောင်လှိုင်သည် သူ သမ္မတ ဖြစ်လိုသည့် ဆန္ဒတခုတည်းကို ဦးတည်ပြီး ဥပဒေ နှင့် မညီသည့် အကြောင်းအရာများကို တောင်းဆိုလာခြင်း ဖြစ်သည်

ဒေါ်အောင်ဆန်းစုကြည်မှ မင်းအောင်လှိုင်၏ ထိုသို့ ဥပဒေမဲ့ တောင်းဆိုလာခြင်းကို လက်မခံဘဲ ဒုသမ္မတ ရာထူး သို့မဟုတ်ကလည်း ပင်စင်ယူရမည့်အစား စစ်ကော်မရှင် ဥက္ကဌ ရာထူး ဖန်တီးပေးမည်ဟု ပြန်၍ ကမ်းလှမ်း ခဲ့သည်

ထိုကမ်းလှမ်းချက်ကို လက်မခံနိုင်သော မင်းအောင်လှိုင်က “မဲမသမာမှုများ အကြီးအကျယ် ဖြစ်ခဲ့သည်” ဟူသော စွပ်စွဲချက်ဖြင့် အာဏာ သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း ဦးကျော်ဌေးဦးက ဧရာဝတီကို ပြောပြခဲ့သည်

ဦးကျော်ဌေးဦးသည် မင်းအောင်လှိုင်၏ နရသိန် အကျဉ်းထောင်ကြီး အတွင်း ၁၈ ရက်မျှ ညှင်းပမ်း နှိပ်စက်ခံ ခဲ့ရပြီး အမေရိကန် နိုင်ငံသား ဖြစ်ကြောင်း သိသွားသည့် အခါမှ သက်သာရာ ရသွားခဲ့သည်ဟု ဆိုသည်

ဦးကျော်ဌေးဦးမှ ထောင်ထဲတွင် တွေ့ခဲ့ရသော စစ်ဖက် ပုဂ္ဂိုလ်များ၏ အပြောအရ မင်းအောင်လှိုင်၏ စိတ်နေ စိတ်ထားသည် လွန်စွာ မောက်မာပြီး မည်သူ့ကိုမျှ လည်း အယုံအကြည် မရှိ၊ သူ၏ လက်ထောက် စိုးဝင်း ကိုပင် စိတ်မထင်က ဖိုင် နှင့် ပင် ပစ်ပေါက်ခဲ့သူဟုလည်း ပြောခဲ့သည်ကို ကြားခဲ့ရသည်ဟု ဆိုသည်

သူသမ္မတ ဖြစ်ရေး ရည်မှန်းချက် တခုတည်း ဖြင့် တိုင်းပြည်အာဏာကို လက်လွတ်စပယ် သိမ်းယူခဲ့သော မင်းအောင်လှိုင်သည် ယခု အခါ စစ်မျက်နှာ ပေါင်းစုံ ဖွင့်၍ တိုက်ခိုက်ခံနေရပြီး သူ၏ စစ်အသုံးစရိတ်များ အတွက် မြန်မာ ကျပ်ငွေ ကျပ် ဘီလီယံ ပေါင်း ၄၄၀ (အမေရိကန် ဒေါ်လာ ၁၅၅ သန်း) ဘတ်ဂျက် ကို ထပ်မံ အတည်ပြု ပေးလိုက်ရပြီ ဖြစ်သည်

ထိုအထဲတွင် လူပေါင်းစုံအား ရွှေစားလွယ်များ ပေးအပ်ခြင်း၊ လူထု အခမ်းအနား ပေါင်းစုံ ပြုလုပ်သည့် ကုန်ကျ စရိတ်များ မပါဝင်သေးပေ
ယခု အထိ မည်သူကမျှ တိုင်းပြည် ခေါင်းဆောင်တဦး အဖြစ် အသိအမှတ် ပြု ဆက်ဆံခြင်း၊ ဖိတ်ကြား ခြင်း မျိုး မခံရပေ။ ရုရှား တနိုင်ငံတည်းကိုသာ အကြောင်းအမျိုးမျိုး ပြ ကာ သွားရောက်နေခဲ့ရသည့် ဘဝနှင့် ရပ်တည် နေရပေသည်

သံတမန်ရေးဖက်တွင်လည်း အရေးနိမ့်ပြီးရင်း နိမ့်လာနေကာ မကြာမီက ကုလ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ဖြင့် အာဆီယံ ဘုံသဘောတူညီချက် ငါး ရပ်အား ထိထိရောက်ရောက် အကောင်အထည် ဖေါ်ရန် တောင်းဆိုလာပြီ ဖြစ်၍ အာဆီယံ အဖို့ ရှေ့လျှောက် ဆက်လက် လှုပ်ရှားသွားရန် လိုအပ်သော အခွင့်အာဏာ များ ရရှိသွားခဲ့ပြီ ဖြစ်သည်

စစ်အာဏာရှင်တို့၏ မျက်မုန်း ကျိုးခြင်း ခံရဆုံး မပန်ဆယ်လို အား တောင်ကိုရီးယားမှ ဒီမိုကရေစီ လှုပ်ရှားသူ များအတွက် ချီးမြှင့်သည့် ဆု ဖြစ်သည့် ကင်မ်ဂွန်းထယ် ဆုကြီး ကို ချီးမြှင့်ပေးအပ်လိုက်လေသည်

၎င်းတို့အဖို့ ပြည်တွင်းတွင်လည်း ရိုးအီနေသော အမျိုးဘာသာ သာသနာ ဇာတ်ထုတ်ကြီး ထုတ်သုံးကာ ၎င်းတို့ လုပ်ရပ်များ မှန်ကန်မှု ရှိကြောင်း ပြောဆိုနေရသည့် အဆင့်သို့ ရောက်နေပေပြီ

အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ ဆိုသည့် ရဟန်းသံဃာများ အဖွဲ့မှ “အာဏာရှင် စစ်အုပ်စု လုပ်ရပ်ကြောင့် ဒုက္ခစုံ ရောက်နေတဲ့ ဒီနိုင်ငံကို ဒီနိုင်ငံသူ နိုင်ငံသား မှ မကယ်တင်ရင် ဘယ်သူတွေက ကယ်တင်ပေးမှာလဲ” ဆိုသည့် စာတမ်းများဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ကို ဒီဇင်ဘာ ၂၉ ရက်နေ့က ပြုလုပ်လာခဲ့ကြသည်

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

Hla Soewai

 

Leave a Reply

Your email address will not be published. Required fields are marked *