ကမ္ဘာ့ချီးထုတ်ကြီး

အထက်ပါ စာတမ်းပါ “ကမ္ဘာ့ချီးထုတ်ကြီး အမေရိကန် ပြည်တွင်းရေး ဝင်မရှုပ်နဲ့ “ဟူသော ဗီနိုင်း ဆိုင်းဘုတ် များဖြင့် အမေရိကန် သံရုံးရှေ့ တွင် ဆန္ဒပြသူ လူတစု ထွက်ပေါ်လာခဲ့သည်

ထုံးစံအတိုင်း ကြံ့ဖွတ် ခင်ရီသည် နောက်ကွယ်မှ အခကြေးငွေ ပေးကာ လှုံ့ဆော်ခဲ့သော ပွဲ ဖြစ်၍ လူအင်အား အရ မပြောပလောက်သော်လည်း အမေရိကန်အပေါ် ထားရှိသည့် စစ်ဗိုလ်ချုပ်များ၏ သဘောထားကို တရားဝင် မီးမောင်း ထိုးပြလိုက်သည့် ပွဲဟူ၍ ယူဆ၍ ရနေပေသည်

ဆိုလိုသည်မှာ ငါတို့ လုပ်ချင်ရာ လုပ်မယ် ဝင်မရှုပ်နဲ့ ဟူသော သဘောဖြစ်ပြီး အမေရိကန် ၏ Burma Act ကို သွေးလန့်နေသည့် သဘောပင် ဖြစ်သည်။ မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ် အားလုံးသည် ၎င်းတို့ ရင်ဆိုင် နေရသော ဒုက္ခ အကျပ်အတည်းများကို ကျည်ကာ အင်္ကျီသဖွယ် ကိုယ်နှင့် အမြဲကပ်ပြီး လေးလံစွာ ဝတ်ဆင် ထားကြရသည့် အပြင် disguised their fear as valor ဆိုသလို အမြဲလို သူတို့၏ အကြောက်တရားကို သတ္တိရှိမှု အဖြစ် ဟန်ဆောင် ဖုံးကွယ်ထားကြရသူများ ဖြစ်သည်။

ခင်ရီကလည်း ၎င်းတို့၏ အကြောကို ကောင်းစွာ သိထားသူပီပီ စိတ်အားတက်ရန် တဖက်တလမ်းက စီစဉ်ပေးမှ ဖြစ်မည် ဆိုကာ ပွဲ ဖန်တီးပေးလာခြင်းလည်း ဖြစ်သည်

ဝဏ္ဏမောင်လွင်ကလည်း ထုံးစံ အတိုင်း စာတတန် ပေတဖွဲ့ ရေးကာ ကန့်ကွက်ပေးခဲ့သည်

ဒီထက်ကော ပိုပြီး ဘာများ လုပ်နိုင်ကြပေဦးမည်နည်း။ လုပ်ပုံကိုင်ပုံ နှင့် အပြောအဆိုများသည် ကမ္ဘာ အာဏာ ရှင် နိုင်ငံ စာရင်းဝင် အီရန်၊ ဘဲလာရုစ် ၊ မြောက်ကိုရီးယား၊ တရုတ်၊ ရုရှား တို့နှင့် တထပ်တည်း ဖြစ်လာနေသည် ကပင် ၎င်းတို့ သရုပ်မှန် ကို ကိုယ့်ဖာသာ ဖေါ်ကျူးနေကြခြင်းလည်း ဖြစ်သည်

တကယ်တမ်း စဉ်းစားတတ်မည် ဆိုလျှင် ၎င်းတို့သည် အာရှ တခွင်တွင် နိုင်ငံတွင်းရှိ ပြည်သူများ အေးချမ်းစွာ နေထိုင်၍ မရအောင် နိုင်ငံ အပြင်ဖက်သို့ အစဉ်တစိုက် မောင်းထုတ်နေသည့် တခုတည်းသော ချီးထုတ်ကြီးများ ဖြစ်နေသည်ကို သိရှိနိုင်ကြမည် ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဒုက္ခသည် အများဆုံး ထုတ်လုပ် ဖြန့်ဖြူးနေသော နိုင်ငံ အဖြစ်လည်း ကမ္ဘာကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ က သိထားကြပြီး ဖြစ်သည်

ကုလ ၏ ခန့်မှန်းခြေ စာရင်းဇယားများအရ ၂၀၂၂ စက်တင်ဘာလ အထိ ဒေသအတွင်း ပတ်ဝန်းကျင် နိုင်ငံများသို့ ထွက်ပြေး ခိုလှုံနေကြရသည့် ဒုက္ခသည်ပေါင်း ၁,၀၅၅,၀၀၀ ရှိနေပြီး ထိုအထဲတွင် ရိုဟင်ဂျာ မဟုတ်သည့် တိုင်းရင်းသားပေါင်း နှစ်သိန်း ခန့် ပါဝင်နေသည်ဟု The Diplomat စာစောင်တွင် ဖေါ်ပြထားသည်

၎င်းတို့ ခိုလှုံနေသော နိုင်ငံများသည် ဒုက္ခသည်များ လက်ခံစောင့်ရှောက်ထားရေး နိုင်ငံတကာ သဘောတူညီ ချက်ကို လက်မှတ်ရေးထိုးထားခြင်း မရှိကြ၍ ဖာသိဖာသာ နေ၍ ရနေသည်။ ထို့အတွက် ဒေသခံ အင်ဂျီအို အဖွဲ့အစည်းများ၊ လူမှု ဝန်ထမ်း အသင်းအဖွဲ့များက အလှူရှင် နိုင်ငံများ၏ အကူအညီ ဖြင့် တတ်နိုင်သရွေ့ ကူညီ ထောက်ပံ့ပေးနေကြသည်

ထိုသို့ နေထိုင်နေကြရသူများသည် အသက်မွေး ဝမ်းကျောင်းမှု၊ ကျန်းမာရေး စောင့်ရှောက်ခံရမှု၊ ပညာရေး အစ ရှိသည်တို့ ဘာဆိုဘာမျှ မရှိဘဲ အသက်ရှင် နိုင်ရေး လုံးပမ်းနေကြရသူများ လည်း ဖြစ်သည်။ ထိုအထဲတွင် အလွန့် အလွန် ကံကောင်းပါမှ တတိယ နိုင်ငံတခုခု သို့ ခြေချခွင့် ရှိနေကြသည်။ အထုတ်အပိုးပိုက်ပြီး ဘေး လွတ်ရာ ပြေးလာကြသူများ အဖို့ က ထိုသို့ မျှော်လင့်ရန် အခွင့်အလမ်း နည်းပါးလျှက် ရှိနေသည်

ရခိုင်ပြည်နယ် အတွင်း လူသားချင်း စာနာထောက်ထားစွာ ဖြင့် လောင်စာဆီ၊ ဆေးဝါးများ သယ်ယူ ပို့ဆောင် ပေးနေမှုကို ပင် ယခုတိုင် ခွင့်မပြုပဲ ပိတ်ပင်ထားဆဲပင် ဖြစ်သည်ဟု RFA သတင်းတွင် ဖေါ်ပြထားပြန်သည်

အခြား ဘာကိုမျှ ထည့်မတွက် ဘဲ ထားဦး၊ ထိုသို့ ဒုက္ခသည်များ သန်းချီ ထုတ်လုပ်ပေးနေသော မြန်မာသည် နိုင်ငံရေး အားဖြင့် တည်ငြိမ်ကာ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ အတွက် လုံခြုံစိတ်ချစွာ မဲထည့် နိုင်ကြမည်ဟု ကမ္ဘာကို ထုတ်ဖေါ်ပြသရန် ကြိုးစားနေကြခြင်းသည်ပင် ငွေကုန်လူပမ်း အရူးထခြင်းမျိုး ဟု သာ မှတ်ယူကြမည် ဖြစ်သည်

အာဆီယံ အဖွဲ့ဝင် ဆယ်နိုင်ငံ သည် တိုးတက်ရာ တိုးတက်ကြောင်း ရှေ့ကို ဆက်၍ လျှောက်လှမ်းနေကြ သော်လည်း မြန်မာ အဖို့က လွတ်လပ်‌ရေး ရပြီး ချိန်မှ စတင်ခဲ့သော ပြည်တွင်းစစ်မီးကြီး သည် ယခုထိ ဆက်လက် တောက်လောင်နေပြီး ယခုလို အဖြစ်မျိုး ဖြင့် နိုင်ငံတကာမှ ဝိုင်းဝန်းဖြေရှင်းနေကြရသော ချီး ထုတ် ကြီး အဖြစ် ဆက်လက် ရပ်တည်နေကြဆဲ ဆိုသည်ကို အနည်းငယ်မျှပင် ရှက်ရကောင်းမှန်း မသိကြသူများ ဖြစ်သည်။ ထိုအကြောင်းကို နဖူးပေါ် လက်တင်ပြီး တကူးတက စဉ်းစားနေစရာ မလိုအောင် ရှင်းလင်းလှသည့် အဖြစ်ပင် ဖြစ်သည်

၎င်းတို့အဖို့က ငြိမ်းချမ်းရေး ဆိုသည်မှာ ပေးတာယူ ကျွေးတာစား ငြိမ်ငြိမ်နေ၊ ကိုယ့်အတွက် သတ်မှတ်ပေး ထားသော နယ်ထဲတွင် သေနတ်များ ကိုင်ပြီး ကင်းလှည့်နေ ဆိုသည်ကို သဘောတူ လက်ခံမှသာ ဖြစ်မည်ဟု အထက်စီး နှင့် ဆွေးနွေးလိုကြသူများ ဖြစ်သည်

ယခုအခါ အမေရိကန်က ထဲထဲဝင်ဝင် ပါလာတော့မည်ကို သိ၍ အခြေအနေများ ကို ထိန်းသိမ်း နိုင်ရန် တရုတ်မှ ယခင် အာဆီယံ အထူး သံတမန် ခေါင်းစဉ်ဖြင့် ခန့်အပ်ထားသူ ဆန်ကော့ရှန် ၏ နေရာတွင် တိန့်ရှီကျွန်း ဆိုသူ ဖြင့် အစားထိုး ပြီး မကြာမီ နေပြည်တော်သို့ ရောက်ရှိလာမည်ဟုလည်း သိရသည်

ထိုသို့ တရုတ်တို့ ပြူးပြူးပြာပြာ ဖြစ်လာခြင်းကို ကြည့်က ပြည်သူတို့၏ ခုခံစစ်သည် မကြာမီ အတွင်း ထိုးစစ် ကြီးများ ဖေါ်ဆောင်လာနိုင်သည့် အဆင့်သစ်ဆီသို့ တက်လှမ်းလာတော့မည် ဖြစ်သည်ဟု ယူဆရပေသည်

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

Hla Soewai

 

Leave a Reply

Your email address will not be published. Required fields are marked *