








ConnectBurma

=========

ကုလလုံခြုံရေးကောင်စီ ရဲ့ ဆုံးဖြတ်ချက်တွေကို လက်မခံကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

Connect Burma | ဒီဇင္ဘာ ၂၄

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဒီဇင်ဘာလ ၂၁ရက်နေ့ အစည်းအဝေးမှာ အတည်ပြု့ခဲ့တဲ့ မြန်မာ့အရေးအဆို ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံတည်ငြိမ်ရေးကို အကျိုးမပြု့ဘဲ နိုင်ငံရေးသွတ်သွင်းဖို့ရည်ရွယ်ထားလို့ လက်မခံဘူးဆိုပြီး အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ (ဒီဇင်ဘာလ ၂၄ရက်)မှာ ထုတ်ပြန်လာပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ပါအချက်တွေဟာ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် အပြုသဘော အကျိုးဖြစ်ထွန်းမှုမရှိစေဘဲ နိုင်ငံရေးသွတ်သွင်းဖို့ ရည်ရွယ်ထားတဲ့ အချက်တွေကိုသာ ဉီးစားပေးထားတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်ကောင်စီက ဒီဆုံးဖြတ်ချက်တွေကိုလက်မခံဘဲ မြန်မာ့နိုင်ငံရေးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ၊တည်ဆဲဥပဒေတွေ၊ မြန်မာနိုင်ငံရဲ့ အခြေခံမူဝါဒရပ်တည်ချက်တွေနဲ့သာ ရပ်တည်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ထဲက အကြမ်းဖက်မှုတွေရပ်တန့်ရေးဆိုတဲ့အချက် ဆိုတဲ့အချက်ကိုလည်း စစ်ကောင်စီက ငြင်းဆန်ထားပြီး သူတို့တပ်ဖွဲ့ဝင်တွေက ဥပဒေအတိုင်းဆောင်ရွက်လို့ သူတို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာထားတဲ့ NUG ၊ PDFတွေရဲ့ လုပ်ရပ်တွေကိုသာ ရှုတ်ချတားဆီးဖို့လိုတယ်လို့လည်း ထုတ်ပြန်ချက်မှာ တုန့်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် ထိခိုက်သက်ရောက်မှုမရှိဘဲ ပြည်တွင်းရေးသာဖြစ်လို့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အဆို အတည်ပြု့မှုဟာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းနဲ့ မညီညွတ်ဘူးလို့ စစ်ကောင်စီက ဆိုပါတယ်။

ဗြိတိန်နိုင်ငံကဦးဆောင်တင်သွင်းခဲ့တဲ့ အဆိုဟာ ကုလသမဂ္ဂရဲ့ အခြေခံမူနဲ့ ရည်ရွယ်ချက်တွေနဲ့ဆန့်ကျင်ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာလို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလလုံခြုံရေးကောင်စီက အတည်ပြု့ခဲ့တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်အဆိုမှာ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လည်လွှတ်ပေးရေး၊ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေရပ်တန့်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုတွေမှာ အဟန့်အတားမဖြစ်စေရေးစတဲ့အချက်တွေပါဝင်ပြီးတော့ ဒါကို ကန့်ကွက်မှုမရှိဘဲအတည်ပြု့နိုင်ခဲ့တာဖြစ်ပါတယ်။

ConnectBurma










ConnectBurma

 

Leave a Reply

Your email address will not be published. Required fields are marked *