ဆိုင်ကယ်နဲ့လုယက်တာ မရလို့ ကားနဲ့ပြန်လာပြီး ရိုက်နှက်လုယက်၊

MFP ၊ ဒီဇင္ဘာ – ၂၀

မန္တလေးမြို့၊ ကန်သာယာမြို့သစ်မှာ မနေ့က ညပိုင်း ဆိုင်ကယ်စီး သွားလာနေတဲ့ အမျိုးသားသုံးဦးကို လူတစ်စုက ပထမအကြိမ် ဆိုင်ကယ်နဲ့ လာရောက် လုယက်ရာ မအောင်မြင်တဲ့အတွက် ကားနဲ့ ပြန်လာပြီး ရိုက်နှက်ကာ ဖုန်းနှင့် ပိုက်ဆံအိတ်တွေ လုယက်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီဇင်ဘာ (၁၉) ရက် မနေ့ည (၁၂) နာရီခန့်က ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်ထဲမှာ ဆိုင်ကယ်တစ်စီးနဲ့ နေအိမ်ပြန်လာတဲ့ လူသုံးဦးကို ဆိုင်ကယ်နှစ်စီးနဲ့ အမျိုးးသားလေးဦးက လိုက်လံလုယက်ခဲ့တာလို့ ဆိုပါတယ်။

ခုခံတဲ့အတွက် လုယက်သူတွေ ပြန်လှည့်သွားပေမယ့် လုယက်ခံရသူတွေရဲ့ ဆိုင်ကယ်က ဆီကုန်သွားလို့ ဆင်းတွန်းလာချိန် (၅၈)လမ်းနဲ့ (၁၀၇)လမ်းအနီးမှာ ကားနှစ်စီးနဲ့ ပြန်ရောက်လာပြီး တုတ်၊ ဓားတွေ ကိုင်ဆောင်ကာ ရိုက်နှက် လုယက်သွားတာဖြစ်တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

“ဓားတွေနဲ့ပါ ခုတ်သွားကြတယ်၊ ညဘက်ကြီး ဆီပြတ်တဲ့ အချိန်ဆိုတော့ မောင်းပြေးလို့ကလည်း မရဘူးလေ၊ ဒါကြောင့် ခုခံပေမယ့် လက်နက်နဲ့ဆိုတော့ ပါသွားတာ၊ ဖုန်းနဲ့ ပိုက်ဆံအိတ်တွေ ယူသွားကြတယ်၊ ဆိုင်ကယ်ကတော့ ဆီပြတ်နေတာကြောင့် ထားသွားကြတယ်“ လို့ နီးစပ်သူတစ်ဦးက ရှင်းပြပါတယ်။

ရိုက်နှက်လုယက်ခံရပြီး ဓားဒဏ်ရာရရှိတဲ့ လုယက်ခံရသူတွေကို မနေ့ည (၁၂း၄၅) နာရီခန့်မှာ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။

အခုရက်ပိုင်း မန္တလေးဝန်းကျင်မှာ ညအချိန် ဓားနဲ့ခုတ်ပြီး လုယက်ဖို့ ကြိုးပမ်းတဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွါးနေပြီး ကျူးလွန်သူတွေကို ဖမ်းမိခြင်း မရှိဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့မှာ ညအချိန် အပြင်ထွက် သွားလာတဲ့ ဒေသခံ ပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲ ဖမ်းဆီးငွေညှစ်တာ၊ ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်ဆောင်လေ့ရှိပေမယ့် ခိုးဆိုး လုယက်သူတွေကတော့ ဖမ်းဆီးခံရတာ၊

ပစ်သတ်ခံရတာ မကြားမိဘဲ လုယက်၊ခိုးယူတာတွေကို အေးအေးဆေးဆေး ထင်တိုင်းကျဲ ကျူးလွန်ခွင့် ရနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရိုက်နှက်လုယက်ခံရပြီး ဒဏ်ရာရသူတွေကို ရှေးဦးသူနာပြုပေးနေစဉ်/Photo – CJ

===========

ဆိုင္ကယ္နဲ႔လုယက္တာ မရလို႔ ကားနဲ႔ျပန္လာၿပီး ႐ိုက္ႏွက္လုယက္၊

MFP ၊ ဒီဇငာၻ – ၂၀

မႏၲေလးၿမိဳ႕၊ ကန္သာယာၿမိဳ႕သစ္မွာ မေန႔က ညပိုင္း ဆိုင္ကယ္စီး သြားလာေနတဲ့ အမ်ိဳးသားသုံးဦးကို လူတစ္စုက ပထမအႀကိမ္ ဆိုင္ကယ္နဲ႔ လာေရာက္ လုယက္ရာ မေအာင္ျမင္တဲ့အတြက္ ကားနဲ႔ ျပန္လာၿပီး ႐ိုက္ႏွက္ကာ ဖုန္းႏွင့္ ပိုက္ဆံအိတ္ေတြ လုယက္သြားတယ္လို႔ ေဒသခံ သတင္းရင္းျမစ္ေတြက MFP ကို ေျပာပါတယ္။

ဒီဇင္ဘာ (၁၉) ရက္ မေန႔ည (၁၂) နာရီခန႔္က ခ်မ္းျမသာစည္ၿမိဳ႕နယ္ ကန္သာယာရပ္ကြက္ထဲမွာ ဆိုင္ကယ္တစ္စီးနဲ႔ ေနအိမ္ျပန္လာတဲ့ လူသုံးဦးကို ဆိုင္ကယ္ႏွစ္စီးနဲ႔ အမ်ိဳးးသားေလးဦးက လိုက္လံလုယက္ခဲ့တာလို႔ ဆိုပါတယ္။

ခုခံတဲ့အတြက္ လုယက္သူေတြ ျပန္လွည့္သြားေပမယ့္ လုယက္ခံရသူေတြရဲ႕ ဆိုင္ကယ္က ဆီကုန္သြားလို႔ ဆင္းတြန္းလာခ်ိန္ (၅၈)လမ္းနဲ႔ (၁၀၇)လမ္းအနီးမွာ ကားႏွစ္စီးနဲ႔ ျပန္ေရာက္လာၿပီး တုတ္၊ ဓားေတြ ကိုင္ေဆာင္ကာ ႐ိုက္ႏွက္ လုယက္သြားတာျဖစ္တယ္လို႔ နီးစပ္သူေတြက ဆိုပါတယ္။

“ဓားေတြနဲ႔ပါ ခုတ္သြားၾကတယ္၊ ညဘက္ႀကီး ဆီျပတ္တဲ့ အခ်ိန္ဆိုေတာ့ ေမာင္းေျပးလို႔ကလည္း မရဘူးေလ၊ ဒါေၾကာင့္ ခုခံေပမယ့္ လက္နက္နဲ႔ဆိုေတာ့ ပါသြားတာ၊ ဖုန္းနဲ႔ ပိုက္ဆံအိတ္ေတြ ယူသြားၾကတယ္၊ ဆိုင္ကယ္ကေတာ့ ဆီျပတ္ေနတာေၾကာင့္ ထားသြားၾကတယ္“ လို႔ နီးစပ္သူတစ္ဦးက ရွင္းျပပါတယ္။

႐ိုက္ႏွက္လုယက္ခံရၿပီး ဓားဒဏ္ရာရရွိတဲ့ လုယက္ခံရသူေတြကို မေန႔ည (၁၂း၄၅) နာရီခန႔္မွာ မႏၲေလးေဆး႐ုံႀကီးကို ပို႔ေဆာင္ေပးခဲ့ရတယ္လို႔ လူမႈကယ္ဆယ္ေရးအသင္းက ထုတ္ျပန္ထားပါတယ္။

အခုရက္ပိုင္း မႏၲေလးဝန္းက်င္မွာ ညအခ်ိန္ ဓားနဲ႔ခုတ္ၿပီး လုယက္ဖို႔ ႀကိဳးပမ္းတဲ့ ျဖစ္စဥ္ေတြ မၾကာခဏ ျဖစ္ပြါးေနၿပီး က်ဴးလြန္သူေတြကို ဖမ္းမိျခင္း မရွိဘူးလို႔ ေဒသခံေတြက ဆိုၾကပါတယ္။

စစ္အုပ္စုဟာ မႏၲေလးၿမိဳ႕မွာ ညအခ်ိန္ အျပင္ထြက္ သြားလာတဲ့ ေဒသခံ ျပည္သူေတြကို လက္နက္ျပ မိုက္ေၾကးခြဲ ဖမ္းဆီးေငြညႇစ္တာ၊ ပစ္ခတ္သတ္ျဖတ္တာေတြ လုပ္ေဆာင္ေလ့ရွိေပမယ့္ ခိုးဆိုး လုယက္သူေတြကေတာ့ ဖမ္းဆီးခံရတာ၊

ပစ္သတ္ခံရတာ မၾကားမိဘဲ လုယက္၊ခိုးယူတာေတြကို ေအးေအးေဆးေဆး ထင္တိုင္းက်ဲ က်ဴးလြန္ခြင့္ ရေနၾကတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။

႐ိုက္ႏွက္လုယက္ခံရၿပီး ဒဏ္ရာရသူေတြကို ေရွးဦးသူနာျပဳေပးေနစဥ္/Photo – CJ

Leave a Reply

Your email address will not be published. Required fields are marked *