SpaceX အာကာသ ကုမ္ပဏီရဲ့ Starlink ဂြိုလ်တု အင်တာနက်ဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းကပဲ ဖိလစ်ပိုင်နိုင်ငံ တယ်လီကွန်းဆက်သွယ်ရေးဆိုင်ရာ အဖွဲ့အစည်းရဲ့ ခွင့်ပြုချက် ရထားတာ ဖြစ်ပါတယ်

ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ Starlink ဂြိုလ်တု အင်တာနက် ဝန်ဆောင်မှုကို ပထမဆုံး ရယူနိုင်တဲ့ နိုင်ငံ ဖြစ်လာတော့မှာပါ

ကုမ္ပဏီအနေနဲ့ Starlink ဝန်ဆောင်မှုကို အရှေ့တောင်အာရှ ဈေးကွက်နေရာတွေမှာ တိုးချဲ့ ဖြန့်ကြက်ဖို့လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်

အမေရိကန်ကုမ္ပဏီဟာ ၂၀၂၃ ဝန်းကျင်လောက်မှာ အင်ဒိုနီးရှား ၊ မလေးရှား ၊ ဗီယက်နမ်နဲ့ မြန်မာတို့မှာ ဝန်ဆောင်မှု ဖြန့်ကြက်သွားဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်

ဂြိုလ်တု အခြေပြု မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှုဟာ လအနည်းငယ်အတွင်း ဖိလစ်ပိုင်နိုင်ငံမှာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်

ဂြိုလ်တု အင်တာနက်ဟာ ကျွန်းအမြောက်အများနဲ့ ဖွဲ့စည်းထားတဲ့ ဒေသတွေမှာ သိသာတဲ့ အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်မယ်လို့ ဆိုပါတယ်

ဖိလစ်ပိုင်နိုင်ငံဟာ ကျွန်းစု ၇၁၀၀ ကျော်နဲ့ ဖွဲ့စည်းထားပြီး အင်ဒိုနီးရှားမှာဆို ကျွန်းပေါင်း ၁၆၀၀၀ ကျော် ရှိပါတယ်

ဂြိုလ်တု အင်တာနက်ဟာ သမရိုးကျ အင်တာနက် ဝန်ဆောင်မှု လက်လှမ်းမမှီတဲ့ အစွန်အဖျားဒေသတွေနဲ့ ဝေးခေါင်လှတဲ့ ကျွန်းစုတွေမှာ အင်တာနက် ချိတ်ဆက်မှု လွယ်ကူ အဆင်ပြေစေမှာလည်း ဖြစ်ပါတယ်

ဒီဝန်ဆောင်မှုဟာ မြေအောက်ပင်လယ်ကေဘယ်ဆက်ကြောင်းတွေထက် ချိတ်ဆက်ရလည်း ပိုပြီး လွယ်ကူမယ်လို့ ဆိုပါတယ်

ဥပမာအားဖြင့် ဇန်နဝါရီလမှာ ဖြစ်ပွားခဲ့တဲ့ တွန်ဂါကျွန်းစု မီးလောင်ပေါက်ကွဲမှုကြောင့် ကေဘယ်လိုင်းတွေ ပျက်စီးပြီး ဆက်သွယ်ရေးကွန်ရက်တွေ ပြတ်တောက်သွားချိန်မှာ Starlink ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှုကြောင့် တွန်ဂါနိုင်ငံဟာ အင်တာနက် ချိတ်ဆက်မှု ပြန်ရခဲ့တဲ့ အတွေ့အကြုံကို ပြန်ညွှန်းနိုင်ပါတယ်

Starlink ဂြိုလ်တု အင်တာနက်ဟာ Download Speed အနေနဲ့ 100Mbps ကနေ 200Mbps အထိ ထွက်တာကြောင့် တွန်ဂါရဲ့ ပုံမှန် အင်တာနက် ဝန်ဆောင်မှုထက် အများကြီး မြန်ဆန်မှု ရှိခဲ့ပါတယ်

အရှေ့တောင်အာရှ နိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ အွန်လိုင်း အသုံးအများဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်

ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားက အင်တာနက်သုံးသူတွေဟာ ပျမ်းမျှ တစ်ရက်ကို ၁၀ နာရီ နဲ့ ၈ နာရီခွဲစီ ရှိကြပြီး ဒါဟာ တစ်ကမ္ဘာလုံး ပျမ်းမျှ အင်တာနက် သုံးစွဲချိန် ၇ နာရီထက်ကို များနေတာ ဖြစ်တယ်လို့လည်း ယူကေသုတေသနကုမ္ပဏီ We Are Social က ဖော်ပြပါတယ်

မိုဘိုင်းလ်ထုတ်ကုန်တွေရဲ့ Download Speed အနေနဲ့ ဧပြီလထဲမှာ အင်ဒိုနီးရှားဟာ 17.96 Mbps နဲ့ ကမ္ဘာ့အဆင့် ၁၀၀ မှာ ရှိပြီး ဖိလစ်ပိုင်ကတော့ 19.45 Mbps နှုန်းနဲ့ နိုင်ငံနဲ့ ဒေသပေါင်း ၁၄၂ နိုင်ငံစာရင်းမှာ အဆင့် ၉၅ နေရာက ရပ်တည်နေပါတယ်

ဖိလစ်ပိုင် အင်တာနက် သုံးစွဲသူတွေဟာ Starlink ဂြိုလ်တု အင်တာနက် ဝန်ဆောင်မှု သုံးဖို့ စိတ်အားထက်သန်မှု ရှိပေမယ့် Starlink ဝန်ဆောင်မှု Plan တွေက အတော်လေး ဈေးမြောက်နေတယ်လို့ ဆိုပါတယ်

လက်ရှိ Starlink ဝန်ဆောင်မှု Plan တွေဟာ တစ်လစာဟာ ဒေါ်လာ ၁၁၀ ကနေ ‌ဒေါ်လာ ၅၀၀ အထိ ရှိနေပါတယ်။ ဖိလစ်ပိုင်ရဲ့ မိုဘိုင်းအင်တာနက် Plan တချို့ကတော့ ရက် ၃၀ ဒေတာ 24GB အတွက် ဖိလစ်ပိုင်ပီဆို ၃၀၀ (မြန်မာငွေ ၁ သောင်းကျော်) နဲ့ အောက် ဈေးနဲ့ပဲ ရောင်းချနေတာ ဖြစ်ပါတယ်

ဈေးနှုန်း ကြီးမြင့်တာကြောင့် Starlink ဂြိုလ်တုအင်တာနက်ကို ကုမ္ပဏီတွေနဲ့ အစိုးရ အေဂျင်စီတွေပဲ အများဆုံး အသုံးပြုမယ်လို့ ယူဆရပါတယ်

Credit … Duwun Tech

 

 

Leave a Reply

Your email address will not be published. Required fields are marked *