ဖမ္းဆီးခံအမ်ိဳးသမီးတစ္ဦးကို စစ္ေကာင္စီက ကြန္မန္ဒိုတပ္နဲ႔ ရဟတ္ယာဥ္သုံး ကယ္ခဲ့တယ္လို႔ေျပာ

■ မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴၿမိဳ႕၊ အမွတ္(၁)ရပ္ကြက္မွာ ေနထိုင္တဲ့ အရာရွိတစ္ဦးရဲ႕ ဇနီးျဖစ္သူ မဟန္ေႏြဦးကို ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ေတြက လက္နက္နဲ႔ ၿခိမ္းေျခာက္ဖမ္းဆီးသြားခဲ့တာကို ကြန္မန္ဒိုတပ္က ရဟတ္ယာဥ္နဲ႔ သြားေရာက္ေခၚေဆာင္ခဲ့ရတယ္လို႔ စစ္ေကာင္စီက ဒီေန႔ သတင္းထုတ္ျပန္ပါတယ္။

ပခုကၠဴၿမိဳ႕၊ အမွတ္ (၁ ) ရပ္ကြက္မွာေနတဲ့ “ေအာင္ဆင္မင္း” လက္ဖက္ႏွင့္ အေၾကာ္စုံ ဆိုင္ပိုင္ရွင္၊ အရာရွိတစ္ဦးရဲ႕ ဇနီးျဖစ္သူ မဟန္ေႏြဦးကို ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF အဖြဲ႕ဝင္ အမ်ိဳးသားႏွစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦးက ႏိုဝင္ဘာလ ၁၀ ရက္ေန႔ ဒီေန႔မနက္ ၆ နာရီခြဲခန႔္က ေနအိမ္ေရွ႕ကေန လက္နက္နဲ႔ခ်ိန္းေျခာက္ၿပီး ေရစႀကိဳၿမိဳ႕နယ္၊ ဥကၠံေက်း႐ြာဘက္ကို ေခၚေဆာင္သြားခဲ့တာလို႔ စစ္ေကာင္စီက ထုတ္ျပန္ပါတယ္။

သတင္းေပးေတြရဲ႕ ေျပာျပခ်က္အရ မဟန္ေႏြဦးကို ၿမိဳင္ၿမိဳ႕နယ္၊ ေက်ာက္ေဆာက္တမံ(ေဒသအေခၚ)ေတာင္႐ြာဆည္မွာ ဖမ္းဆီးထားတယ္လို႔ သိရလို႔ စစ္ေကာင္စီရဲ႕ ကြန္မန္ဒိုတပ္ဖြဲ႕ဝင္ေတြပါတဲ့ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက ရဟတ္ယာဥ္နဲ႔ သြားေရာက္စီးနင္းၿပီး ဖမ္းဆီးခံရသူ မဟန္ေႏြဦးကို ညေန ၂ နာရီ ၄၀ ခန႔္မွာ ျပန္လည္ေခၚေဆာင္လာႏိုင္ခဲ့တယ္လို႔ ေျပာပါတယ္။

စစ္ေကာင္စီရဲ႕ ထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ၿပီး သိရဖို႔ Pakokku People defense force (PPDF) ကို RFA က ဆက္သြယ္ေမးျမန္းေနေပမယ့္ ဆက္သြယ္လို႔မရေသးပါဘူး။

ဒီေန႔မွာပဲ ပခုကၠဴၿမိဳ႕နယ္ ကိုယ္စားျပဳေဒသခံကာကြယ္ေရးအဖြဲ႕ ၁၀ ဖြဲ႕က ဘုံသေဘာတူညီခ်က္တစ္ေစာင္ကို ထုတ္ျပန္လာပါတယ္။

အဲ့ဒီေၾကညာခ်က္မွာ အမ်ိဳးသားညီၫြတ္ေရးအစိုးရ ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ လမ္းစဥ္နဲ႔သာ စစ္ေရးလႈပ္ရွားမႈေတြကို လုပ္ေဆာင္သြားမွာျဖစ္ၿပီး ၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ပကဖနဲ႔အတူ ရပ္တည္ဖို႔ဆိုတဲ့ အခ်က္ပါဝင္ပါတယ္။

ဒါ့အျပင္ စစ္သား၊ ရဲနဲ႔ ပ်ဴေစာထီးေတြကို အဓိကထား စစ္ဆင္ေရးျပဳလုပ္မွာျဖစ္ၿပီး အမာခံသတင္းေပးဒလံေတြ၊ Non-CDM ေတြကို သတင္းအခ်က္အလက္ခိုင္မာေအာင္စုံစမ္းၿပီးမွ တိက်မွ ရွင္းလင္းမယ္ဆိုတဲ့ အခ်က္လည္း ထည့္သြင္းေျပာထားပါတယ္။

စစ္ေကာင္စီနဲ႔ ပတ္သက္မႈမရွိတဲ့ ျပည္သူေတြကို အၾကမ္းဖက္တာ၊ ဝင္ေရာက္စီးနင္းတာ၊ ဓားျမတိုက္တာ၊ ျပန္ေပးဆြဲတာေတြ မလုပ္ဖို႔ကိုလည္း အဖြဲ႕အားလုံးက သေဘာတူလိုက္နာမယ့္ အခ်က္ေတြထဲမွာ ထည့္သြင္းထားပါတယ္။

=========

ဖမ်းဆီးခံအမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ကွန်မန်ဒိုတပ်နဲ့ ရဟတ်ယာဉ်သုံး ကယ်ခဲ့တယ်လို့ပြော

■ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်မှာ နေထိုင်တဲ့ အရာရှိတစ်ဦးရဲ့ ဇနီးဖြစ်သူ မဟန်နွေဦးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက လက်နက်နဲ့ ခြိမ်းခြောက်ဖမ်းဆီးသွားခဲ့တာကို ကွန်မန်ဒိုတပ်က ရဟတ်ယာဉ်နဲ့ သွားရောက်ခေါ်ဆောင်ခဲ့ရတယ်လို့ စစ်ကောင်စီက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ပခုက္ကူမြို့၊ အမှတ် (၁ ) ရပ်ကွက်မှာနေတဲ့ “အောင်ဆင်မင်း” လက်ဖက်နှင့် အကြော်စုံ ဆိုင်ပိုင်ရှင်၊ အရာရှိတစ်ဦးရဲ့ ဇနီးဖြစ်သူ မဟန်နွေဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့ဝင် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးက နိုဝင်ဘာလ ၁၀ ရက်နေ့ ဒီနေ့မနက် ၆ နာရီခွဲခန့်က နေအိမ်ရှေ့ကနေ လက်နက်နဲ့ချိန်းခြောက်ပြီး ရေစကြိုမြို့နယ်၊ ဥက္ကံကျေးရွာဘက်ကို ခေါ်ဆောင်သွားခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

သတင်းပေးတွေရဲ့ ပြောပြချက်အရ မဟန်နွေဦးကို မြိုင်မြို့နယ်၊ ကျောက်ဆောက်တမံ(ဒေသအခေါ်)တောင်ရွာဆည်မှာ ဖမ်းဆီးထားတယ်လို့ သိရလို့ စစ်ကောင်စီရဲ့ ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေပါတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရဟတ်ယာဉ်နဲ့ သွားရောက်စီးနင်းပြီး ဖမ်းဆီးခံရသူ မဟန်နွေဦးကို ညနေ ၂ နာရီ ၄၀ ခန့်မှာ ပြန်လည်ခေါ်ဆောင်လာနိုင်ခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သိရဖို့ Pakokku People defense force (PPDF) ကို RFA က ဆက်သွယ်မေးမြန်းနေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

ဒီနေ့မှာပဲ ပခုက္ကူမြို့နယ် ကိုယ်စားပြုဒေသခံကာကွယ်ရေးအဖွဲ့ ၁၀ ဖွဲ့က ဘုံသဘောတူညီချက်တစ်စောင်ကို ထုတ်ပြန်လာပါတယ်။

အဲ့ဒီကြေညာချက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းစဉ်နဲ့သာ စစ်ရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်သွားမှာဖြစ်ပြီး မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖနဲ့အတူ ရပ်တည်ဖို့ဆိုတဲ့ အချက်ပါဝင်ပါတယ်။

ဒါ့အပြင် စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို အဓိကထား စစ်ဆင်ရေးပြုလုပ်မှာဖြစ်ပြီး အမာခံသတင်းပေးဒလံတွေ၊ Non-CDM တွေကို သတင်းအချက်အလက်ခိုင်မာအောင်စုံစမ်းပြီးမှ တိကျမှ ရှင်းလင်းမယ်ဆိုတဲ့ အချက်လည်း ထည့်သွင်းပြောထားပါတယ်။

စစ်ကောင်စီနဲ့ ပတ်သက်မှုမရှိတဲ့ ပြည်သူတွေကို အကြမ်းဖက်တာ၊ ဝင်ရောက်စီးနင်းတာ၊ ဓားမြတိုက်တာ၊ ပြန်ပေးဆွဲတာတွေ မလုပ်ဖို့ကိုလည်း အဖွဲ့အားလုံးက သဘောတူလိုက်နာမယ့် အချက်တွေထဲမှာ ထည့်သွင်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *