စစ္ေတြတကၠသိုလ္ေက်ာင္းသားတစ္ဦး တစ္ရက္ၾကာေပ်ာက္ဆုံးၿပီးေနာက္ အေလာင္းကို ဓားဒဏ္ရာမ်ားျဖင့္ ေခ်ာင္းထဲတြင္ေတြ႕

နိရၪၥရာ၊ ႏိုဝင္ဘာ ၆/၂၀၂၂

ရခိုင္ျပည္နယ္၊ စစ္ေတြတကၠသိုလ္မွ သမိုင္းေမဂ်ာအထူးျပဳ တတိယႏွစ္ ေက်ာင္းသားတစ္ဦး တစ္ရက္ၾကာ ေပ်ာက္ဆုံးေနၿပီးေနာက္ သူ႔၏အေလာင္းကို ဓားဒဏ္ရာမ်ားျဖင့္ ပုဏၰားကြၽန္းၿမိဳ႕နယ္၊ ေအာင္ေျမကုန္းေက်း႐ြာအနီးရွိ ေခ်ာင္းတစ္ခုအတြင္းမွ ယေန႔နံနက္က ရွာေဖြေတြ႕ရွိခဲ့သည္ဟု သတင္းရရွိသည္။

၎ေက်ာင္းသားမွာ ပုဏၰားကြၽန္းၿမိဳ႕မွ စစ္ေတြၿမိဳ႕တြင္ ယာယီေနထိုင္သူ ေမာင္မ်ိဳးထက္ (၂၁)ႏွစ္ျဖစ္သည္။

၎သည္ လြန္ခဲ့သည့္ ႏိုဝင္ဘာ ၄ ရက္၊ ည ၉ နာရီခန႔္က သူငယ္ခ်င္းမ်ားႏွင့္အတူ စစ္ေတြၿမိဳ႕ ပြိဳင့္အပန္းေျဖစခန္းရွိ The Bay Bar & Restaurant သို႔သြား၍ အျပန္တြင္ ေပ်ာက္ဆုံးသြားျခင္း ျဖစ္သည္ဟု သိရသည္။

သူ႔အေလာင္းကို ယေန႔ ႏိုဝင္ဘာလ ၆ ရက္ နံနက္ ၁၀ နာရီခန႔္က ပုဏၰားကြၽန္းၿမိဳ႕နယ္ ေအာင္ေျမကုန္း ေက်း႐ြာ၏ သခ်ိဳင္းအနီးရွိ ေခ်ာင္းတြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ကာ ၎၏လည္ပင္းတြင္ ဓားဒဏ္ရာအျပင္ ေနာက္ေက်ာတြင္ ဓားဒဏ္ရာႏွစ္ခ်က္ရွိေနေၾကာင္း အေလာင္းအားသြားေရာက္ သယ္ေဆာင္ခဲ့သည့္ ေမတၱာေရာင္ျခည္ေဖာင္ေဒးရွင္းအသင္းမွ ကိုေက်ာက္ခ်ိဳင္က နိရၪၥရာသို႔ေျပာသည္။

“သူ႔မွာအမွတ္အသားပါတာေတြကအစ အားလုံးကြက္တိျဖစ္သြားတယ္။ မိသားစုကၾကည့္ၿပီးေတာ့ သူျဖစ္တဲ့အေၾကာင္းကိုေတာ့ အတည္ျပဳျဖစ္သြားပါၿပီ။ ဓားဒဏ္ရာေတြနဲ႔ လည္ပင္းအလွီးခံထားရတဲ့ ဒဏ္ရာေတြရွိပါတယ္” ဟုေျပာသည္။

၎တကၠသိုလ္ေက်ာင္းသား ေပ်ာက္ဆုံးသြားစဥ္က ၎ႏွင့္အတူ ၎၏ Wave 100 အမ်ိဳးအစား အျပာေရာင္ ဆိုင္ကယ္တစ္စီးလည္း ပါဝင္သြားၿပီး ဆိုင္ကယ္လည္း ေပ်ာက္ဆုံးသည္ဟု သိရသည္။

လက္ရွိတြင္ ၎၏အေလာင္းကို ပုဏၰားကြၽန္းၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးရွိ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ထားၿပီး စစ္ေတြအမွတ္ (၂) ရဲစခန္းမွ အေလာင္းအားလာၾကည့္ကာ ရဲစစ္ခ်က္ယူသြားေၾကာင္း သိရသည္။

စစ်တွေတက္ကသိုလ်ကျောင်းသားတစ်ဦး တစ်ရက်ကြာပျောက်ဆုံးပြီးနောက် အလောင်းကို ဓားဒဏ်ရာများဖြင့် ချောင်းထဲတွင်တွေ့

နိရဉ္စရာ၊ နိုဝင်ဘာ ၆/၂၀၂၂

ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်မှ သမိုင်းမေဂျာအထူးပြု တတိယနှစ် ကျောင်းသားတစ်ဦး တစ်ရက်ကြာ ပျောက်ဆုံးနေပြီးနောက် သူ့၏အလောင်းကို ဓားဒဏ်ရာများဖြင့် ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်မြေကုန်းကျေးရွာအနီးရှိ ချောင်းတစ်ခုအတွင်းမှ ယနေ့နံနက်က ရှာဖွေတွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

၎င်းကျောင်းသားမှာ ပုဏ္ဏားကျွန်းမြို့မှ စစ်တွေမြို့တွင် ယာယီနေထိုင်သူ မောင်မျိုးထက် (၂၁)နှစ်ဖြစ်သည်။

၎င်းသည် လွန်ခဲ့သည့် နိုဝင်ဘာ ၄ ရက်၊ ည ၉ နာရီခန့်က သူငယ်ချင်းများနှင့်အတူ စစ်တွေမြို့ ပွိုင့်အပန်းဖြေစခန်းရှိ The Bay Bar & Restaurant သို့သွား၍ အပြန်တွင် ပျောက်ဆုံးသွားခြင်း ဖြစ်သည်ဟု သိရသည်။

သူ့အလောင်းကို ယနေ့ နိုဝင်ဘာလ ၆ ရက် နံနက် ၁၀ နာရီခန့်က ပုဏ္ဏားကျွန်းမြို့နယ် အောင်မြေကုန်း ကျေးရွာ၏ သချိုင်းအနီးရှိ ချောင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကာ ၎င်း၏လည်ပင်းတွင် ဓားဒဏ်ရာအပြင် နောက်ကျောတွင် ဓားဒဏ်ရာနှစ်ချက်ရှိနေကြောင်း အလောင်းအားသွားရောက် သယ်ဆောင်ခဲ့သည့် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းအသင်းမှ ကိုကျောက်ချိုင်က နိရဉ္စရာသို့ပြောသည်။

“သူ့မှာအမှတ်အသားပါတာတွေကအစ အားလုံးကွက်တိဖြစ်သွားတယ်။ မိသားစုကကြည့်ပြီးတော့ သူဖြစ်တဲ့အကြောင်းကိုတော့ အတည်ပြုဖြစ်သွားပါပြီ။ ဓားဒဏ်ရာတွေနဲ့ လည်ပင်းအလှီးခံထားရတဲ့ ဒဏ်ရာတွေရှိပါတယ်” ဟုပြောသည်။

၎င်းတက္ကသိုလ်ကျောင်းသား ပျောက်ဆုံးသွားစဉ်က ၎င်းနှင့်အတူ ၎င်း၏ Wave 100 အမျိုးအစား အပြာရောင် ဆိုင်ကယ်တစ်စီးလည်း ပါဝင်သွားပြီး ဆိုင်ကယ်လည်း ပျောက်ဆုံးသည်ဟု သိရသည်။

လက်ရှိတွင် ၎င်း၏အလောင်းကို ပုဏ္ဏားကျွန်းမြို့ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး စစ်တွေအမှတ် (၂) ရဲစခန်းမှ အလောင်းအားလာကြည့်ကာ ရဲစစ်ချက်ယူသွားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *