စခန်းမှူးနဲ့ စကစ(၁၀)ယောက် သေတဲ့ ငါ့သရောက်ရဲစခန်း ဝင်စီးတဲ့ ဗီဒီယို(ရုပ်/သံ)

စစ်အုပ်စုရဲ့ သေနတ် ခုနှစ်လက် သိမ်းဆည်းရရှိပြီး တိုက်ပွဲမှာ TTA ပြောက်ကျားတပ် ဒု-ခေါင်းဆောင် ကျဆုံး၊

MFP ၊ အောက်တိုဘာ – ၃၀

မန္တလေးတိုင်း ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ အမှတ်(၂)ရပ်ကွက်က ငါ့သရောက်နယ်မြေ ရဲစခန်းကို မနေ့က ညနေပိုင်း စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ (၄၅)မိနစ်ကြာ တိုက်ပွဲ ဖြစ်ပြီး စကစ (၁၁)ယောက် သေသလို TTA – ပြောက်ကျားတပ် (တောင်သာ) ဒု-ခေါင်းဆောင် ကျဆုံးခဲ့တယ်လို့ TTA- ပြောက်ကျားတပ် – တောင်သာ က သတင်း ထုတ်ပြန်ပါတယ်။

“ငါးသရောက် နယ်မြေရဲစခန်းအား (၄၅)မိနစ်ခန့်ကြာ ဝင်ရောက် စီးနင်းတိုက်ခိုက်ရာ မြင်းခြံခရိုင် တပ်ရင်း အမှတ်(၃)၊ တပ်ခွဲ(၂) မှ တပ်ခွဲမှူး TTA-ပြောက်ကျားတပ် ဒု-ခေါင်းဆောင် State Agriculture institute (S.A.l) ပုသိမ်ကြီး ပထမနှစ်ကျောင်းသား မောင်ဝေဖြိုး (ခေါ်) ဝင်းကိုရှိန် အသက် (၂၁)နှစ်သည် အသက်ပေး မြင့်မြတ်စွာ ကျဆုံးခဲ့ပါသည်။ အလေးနီပြုအပ်ပါတယ် ရဲဘော်” လို့ TTA – ပြောက်ကျားတပ် (တောင်သာ)က ဖော်ပြပါတယ်

အောက်တိုဘာ(၂၉)ရက် ညနေ(၄)နာရီခွဲ့ ငါ့သရောက် ရဲစခန်းကို စီးနင်းတိုက်ခိုက်ခဲ့ရာမှာ စခန်းမှူး ရဲအုပ်အေးကျော် အပါအဝင် စစ်ကောင်စီ သစ္စာခံ ရဲ (၁၁)ယောက် သေပြီး သေနတ်အရှည် ခြောက်လက်နှင့် ခြောက်လုံးပြူးတစ်လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်

အဲ့ဒီ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း(၃)၊ တပ်ခွဲ(၁) – မြေလတ် PDF၊ တပ်ခွဲ(၂) – TTA ပြောက်ကျားတပ် (တောင်သာ)၊ တပ်ခွဲ(၃) Seven People Defence Forece – MGN Black Tiger ၊ မြင်းခြံခရိုင် တပ်ရင်း အမှတ်(၁) – 27 Revolution Force ၊ Bagan Orge Force တို့က စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်

စစ်အုပ်စုဘက်ကတော့ ငါ့သရောက် နယ်မြေရဲစခန်းကို PDFအဖွဲ့ (၂၅)ဦးက ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး ပစ်ခတ်တိုက်ခိုက်ရာ ရဲစခန်းမှူး ရဲအုပ် အေးကျော် အပါဝင် စကစရဲ (၁၀)ယောက်နဲ့ ရဲမိသားစုဝင် အမျိုးသမီးတစ်ယောက်၊ စုစုပေါင်း(၁၁)ယောက် သေတယ်လို့ ဆိုပါတယ်

ငါ့သရောက် ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ဒီမနက် (၅)နာရီက စတင်ကာ ငါ့သရောက်၊ တောင်သာနှင့် ကျောက်ပန်းတောင်းနယ်က ကျေးရွာတွေထဲ စီးနင်းဝင်မွှေ လုယက် သောင်းကျန်းနေပြီး ဒေသခံ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်

“ငါ့သရောက်မြို့နယ် (ခွဲ) ဆည်ရွာ နဲ့ သိမ်ရွာ ဘက်တွေကို စခများ ဝင်မွေနေတယ်လို့ သိရှိရပါတယ်။ မည်းမည်းမြင်ရာ ပစ်ခတ်နေလို့ ဒေသခံများ ထွက်ပြေး ပုန်းရှောင်နေရပါတယ်” လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်

ဒါ့အပြင် ကျောက်ပန်းတောင်းမြို့နယ် လေးပင်ကျေးရွာ ဘက်ကနေ တောင်သာမြို့နယ် နဂါးဗိုလ်ကျေးရွာဘက်ကို စခ ကားကြီး ခြောက်စီး ရောက်ရှိလာသလို တောင်သာနယ် ဝဲလောင်ရွာ စာသင်ကျောင်းမှာလည်း စစ်အုပ်စုတွေ အင်အားစုစည်းနေတယ်လို့ ဆိုပါတယ်။ ဒီမနက်ပိုင်းက စပြီး ဝဲလောင်ရွာ

စာသင်ကျောင်းရှေ့မှာ စစ်အုပ်စုက လာသမျှလူ ဖမ်းဆီးငွေညှစ် သောင်းကျန်းနေပြီး လှည်းပွဲကုန်းရွာ အဝင်မှာလည်း စကစ အင်အား (၁၀)ယောက်လောက်နဲ့ စစ်ဆေးငွေညှစ်နေကြောင်း၊ နဂါးဗိုလ်ကျေးရွာမှာ အိမ်ထောင်စုဇယားနှင့် လူဦးရေ စစ်ဆေးနေသလို ရွာသားလေးကျေးရွာ အုပ်ကြီးက လမ်းပြပြီး မြင်စိုင်းတောင်တစ်လျှောက် စစ်ကြောင်းထိုးသောင်းကျန်းနေတယ်လို့ တောင်သာ လူထုလှုပ်ရှားမှုကော်မတီက ဖော်ပြပါတယ်

“ပြည်သူများဂရုစိုက် နေထိုင်ကြပါ” လို့ တောင်သာ လူထုလှုပ်ရှားမှုကော်မတီက ဖော်ပြပါတယ်။စကစတွေ တိုက်ခိုက်ခံရတဲ့ ငါ့သရောက်မြို့ဟာ ညောင်ဦးနှင့် တောင်သာမြို့နယ်အစပ်မှာ ရှိပြီး ညောင်ဦးနှင့် (၁၅)မိုင်ကျော်ဝေးကာ တောင်သာမြို့နှင့် (၁၄)မိုင်ကျော် အကွာမှာ တည်ရှိပါတယ်

ပြီးခဲ့တဲ့ လအတွင်း ငါ့သရောက်မြို့က စတိုးဆိုင်ပိုင်ရှင် အသက်(၃၀)အရွယ် အမျိုးသမီး အပါအဝင် ညောင်ဦး၊ ငါ့သရောက်နှင့် တောင်သာက NLD ပါတီဝင် ဒေသခံပြည်သူ ခုနှစ်ဦးထက်မနည်းကို စစ်အုပ်စုက အိမ်ထဲဝင် ဖမ်းဆီးပြီး အမျိုးသမီးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သလို အမျိုးသားတွေကို လည်လှီးကာ ခေါင်း

ဖြတ်သတ်ပြီး အလောင်းတွေကို လမ်းဘေးစွန့်ပစ်ခဲ့ပါတယ်။ အဲ့ဒီ ဒေသခံပြည်သူတွေကို PDF ထောက်ပံ့တယ်လို့ စွပ်စွဲကာ စစ်အုပ်စုက ဖမ်းဆီးညှဉ်းပန်း သတ်ဖြတ်တာ ဖြစ်ပြီး သွေးသောက်အဖွဲ့က သတ်တာလို့ သတင်းဖြန့်ပါတယ်။ သွေးသောက်အဖွဲ့က ဆက်လက် သတ်ဖြတ်ဦးမှာမို့ NLD ပါတီဝင်တွေ သတိထားကြဖို့ စစ်အုပ်စုက ခြိမ်းခြောက်ထားပါတယ်

ပုဂံ ညောင်ဦးနယ်မှာ စစ်အုပ်စုနဲ့ ဆက်စပ်တဲ့ သတင်းပေး၊ ဒလန် တစ်ဦးတစ်ယောက် အသတ်ခံရတိုင်း စစ်အုပ်စုက ဒေသခံပြည်သူ ရာနှင့်ချီကာ ဖမ်းဆီးလေ့ရှိပြီး ထင်တိုင်းကျဲ ညှဉ်းပန်း၊ ငွေညှစ်ကာ ရန်ပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *