စစ္ေကာင္စီေရယာဥ္တစ္စီး ဧရာဝတီျမစ္တြင္ နစ္ျမဳပ္

ေ႐ႊကူ – ေအာက္တိုဘာ ၂၄၊ ၂၀၂၂

စစ္ေကာင္စီတပ္ရင္းမႉးလိုက္ပါလာသည့္ ေရယာဥ္တစ္စီး ယေန႔ နံနက္ ေလးနာရီဝန္းက်င္ခန႔္က ကခ်င္ျပည္နယ္ ေ႐ႊကူၿမိဳ႕နယ္အနီး ဧရာဝတီျမစ္တြင္ နစ္ျမဳပ္သြားေၾကာင္း သိရသည္

စစ္ေကာင္စီေျခလ်င္တပ္ရင္း ခလရ (၇၈) တပ္မွ အင္အား ငါးဆယ္ဝန္းက်င္ပါ ေမာ္ေတာ္ယာဥ္မွာ ေပါေလာကြၽန္းမွ ဘိုကုန္းေက်း႐ြာသို႔ ကူးသန္းရာတြင္ နစ္ျမဳပ္ခဲ့ရာ လက္နက္ခဲယမ္းမ်ား ေရနစ္ျမဳပ္ၿပီး ေပ်ာက္ဆုံးေၾကာင္း ၿမိဳ႕လွ KPDF တပ္ဖြဲ႕ဝင္တစ္ဦးက The 74 Media ကိုေျပာသည္

“ျဖတ္ကူးေနရင္းမွာ ေစာင္းၿပီးနစ္တာပါ။ အပစ္အခတ္ေၾကာင့္မဟုတ္ဘဲ ဒီတိုင္းေရဝင္ၿပီး နစ္သြားတာ။ တပ္ရင္းမႉးက အနည္းဆုံး ေထာင္အႏွစ္၂၀ လို႔ သူတို႔ဘက္က အသံထြက္လာပါတယ္” ဟုေျပာသည္

ေရယာဥ္နစ္ျမဳပ္မႈတြင္ စစ္ေကာင္စီတပ္သားမ်ား သယ္ေဆာင္ေလ့ရွိသည့္ ျခင္းၾကား ၅ လုံး၊ လက္နက္ ၂ လက္ႏွင့္ တပ္ရင္းမႉးကိုင္ေဆာင္သည့္ ပစၥတိုတစ္လက္ နစ္ျမဳပ္ေပ်ာက္ဆုံးသြားေၾကာင္းသူကေျပာသည္

အဆိုပါျဖစ္စဥ္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ႏွစ္ဦး ေရနစ္ေသဆုံးေၾကာင္းသိရွိရေသာ္လည္း The 74 Media ကသီျခားအတည္ျပဳႏိုင္ျခင္းမရွိေသးပါ

အဆိုပါ စစ္ေကာင္စီတပ္ဖြဲ႕မွာ ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ဆန္တက္လာသည့္ စစ္ေကာင္စီရိကၡာတင္ သေဘၤာေျခာက္စီးအား လုံၿခဳံေရးယူရန္ မင္းေက်ာင္းကုန္း႐ြာတြင္ တစ္ပတ္ၾကာတပ္စြဲခဲ့ရာမွ ဘိုကုန္း႐ြာဘက္သို႔အကူးတြင္ ထိုကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္

အဆိုပါသေဘၤာေျခာက္စီးသည္ ယမန္ေန႔ကလည္း ပတ္ဝန္းက်င္အနီးတစ္ဝိုက္သို႔ လက္နက္ႀကီးျဖင့္ ရမ္းသမ္းပစ္ခတ္သည့္အတြက္ေၾကာင့္ ကသာၿမိဳ႕နယ္၊ ဆင္ကုန္တိုင္ေက်း႐ြာမွ အသက္ ၁၃ ႏွစ္အ႐ြယ္ ကေလးတစ္ဦး လက္နက္ႀကီးက်ည္ ထိမွန္ေသဆုံးခဲ့သည္

စစ္ေကာင္စီ ရိကၡာတင္သေဘၤာေျခာက္စီးအား လုံၿခဳံေရးယူရန္ ေ႐ႊကူၿမိဳ႕နယ္ႏွင့္ ကသာၿမိဳ႕နယ္တို႔တြင္ ေျမျပင္စစ္ေၾကာင္းထိုးျခင္းမ်ား ျပဳလုပ္ေနၿပီး သေဘၤာဆန္တက္ခ်ိန္တြင္လည္း ေလေၾကာင္းျဖင့္ လုံၿခဳံေရးယူျခင္းမ်ားလည္း လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္

ပုံ – ဧရာဝတီျမစ္အတြင္းေတြ႕ရေသာ စစ္ေကာင္စီေရယာဥ္တန္းကို ေတြ႕ရစဥ္

============

စစ်ကောင်စီရေယာဉ်တစ်စီး ဧရာဝတီမြစ်တွင် နစ်မြုပ်

ရွှေကူ – အောက်တိုဘာ ၂၄၊ ၂၀၂၂

စစ်ကောင်စီတပ်ရင်းမှူးလိုက်ပါလာသည့် ရေယာဉ်တစ်စီး ယနေ့ နံနက် လေးနာရီဝန်းကျင်ခန့်က ကချင်ပြည်နယ် ရွှေကူမြို့နယ်အနီး ဧရာဝတီမြစ်တွင် နစ်မြုပ်သွားကြောင်း သိရသည်

စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၇၈) တပ်မှ အင်အား ငါးဆယ်ဝန်းကျင်ပါ မော်တော်ယာဉ်မှာ ပေါလောကျွန်းမှ ဘိုကုန်းကျေးရွာသို့ ကူးသန်းရာတွင် နစ်မြုပ်ခဲ့ရာ လက်နက်ခဲယမ်းများ ရေနစ်မြုပ်ပြီး ပျောက်ဆုံးကြောင်း မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်

“ဖြတ်ကူးနေရင်းမှာ စောင်းပြီးနစ်တာပါ။ အပစ်အခတ်ကြောင့်မဟုတ်ဘဲ ဒီတိုင်းရေဝင်ပြီး နစ်သွားတာ။ တပ်ရင်းမှူးက အနည်းဆုံး ထောင်အနှစ်၂၀ လို့ သူတို့ဘက်က အသံထွက်လာပါတယ်” ဟုပြောသည်

ရေယာဉ်နစ်မြုပ်မှုတွင် စစ်ကောင်စီတပ်သားများ သယ်ဆောင်လေ့ရှိသည့် ခြင်းကြား ၅ လုံး၊ လက်နက် ၂ လက်နှင့် တပ်ရင်းမှူးကိုင်ဆောင်သည့် ပစ္စတိုတစ်လက် နစ်မြုပ်ပျောက်ဆုံးသွားကြောင်းသူကပြောသည်

အဆိုပါဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ရေနစ်သေဆုံးကြောင်းသိရှိရသော်လည်း The 74 Media ကသီခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့မှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ဆန်တက်လာသည့် စစ်ကောင်စီရိက္ခာတင် သင်္ဘောခြောက်စီးအား လုံခြုံရေးယူရန် မင်းကျောင်းကုန်းရွာတွင် တစ်ပတ်ကြာတပ်စွဲခဲ့ရာမှ ဘိုကုန်းရွာဘက်သို့အကူးတွင် ထိုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်

အဆိုပါသင်္ဘောခြောက်စီးသည် ယမန်နေ့ကလည်း ပတ်ဝန်းကျင်အနီးတစ်ဝိုက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်သည့်အတွက်ကြောင့် ကသာမြို့နယ်၊ ဆင်ကုန်တိုင်ကျေးရွာမှ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့သည်

စစ်ကောင်စီ ရိက္ခာတင်သင်္ဘောခြောက်စီးအား လုံခြုံရေးယူရန် ရွှေကူမြို့နယ်နှင့် ကသာမြို့နယ်တို့တွင် မြေပြင်စစ်ကြောင်းထိုးခြင်းများ ပြုလုပ်နေပြီး သင်္ဘောဆန်တက်ချိန်တွင်လည်း လေကြောင်းဖြင့် လုံခြုံရေးယူခြင်းများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်

ပုံ – ဧရာဝတီမြစ်အတွင်းတွေ့ရသော စစ်ကောင်စီရေယာဉ်တန်းကို တွေ့ရစဉ်

Leave a Reply

Your email address will not be published. Required fields are marked *