ကော့ကရိတ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်က မြို့တွင်းကို လက်နက် ကြီးဖြင့် ပစ်ခတ်၍ ပြည်သူ ၁ ဦးသေဆုံး၊ မူဆယ်တွင် ပစ်ခတ်မှုများဖြစ်

ရန်ကုန်၊ အောက်တိုဘာ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ယနေ့ နံနက်ပိုင်းမှစတင်ပြီး တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်တပ်က မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူ ၁ ဦးသေဆုံးကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်

အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲကျော်အချိန်မှစတင်ပြီး ကော့ကရိတ်မြို့တွင် အပြန်အလှန်ပစ်ခတ်သံများ ကြားရခြင်းဖြစ်ပြီး စစ်တပ်က မြို့ တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း၊ KNU နှင့် PDF ပူးပေါင်းတပ်များ၊ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များ၏ တိုက်ခိုက်မှုကို တန်ပြန်သည့်အနေဖြင့် မြို့အတွင်းသို့ စစ်တပ်က လက် နက်ကြီးများဖြင့် မြို့တွင်းသို့ ပစ်ခတ်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်

“ကော့ကရိတ်မြို့ထဲ အလှနန်းတော်ဆိုင်ရှေ့တည့်တည့်မှာ လက်နက်ကြီး အလုံးကြီးကျတယ်။ အဲဒီမှာ လူတစ်ဦးထိပြီး ပွဲချင်းပြီးပဲ။ အခြား ပြည်သူတွေလည်း ဒဏ်ရာရကြတယ်။ ပစ်တာက တပ်ဘက်ကနေ လှမ်းပစ်နေတာ။ မြို့ထဲမှာ ရှိတဲ့ ပြည်သူတွေလည်း အကုန်ပုန်းနေကြရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်

ရန်ကုန်ခေတ်သစ်သတင်းဌာနက၊ KNUနှင့် PDF သတင်းရင်းမြစ်များထံ ဆက်သွယ်မေးမြန်းရာ တိုက်ပွဲဖြစ်ပွားနေသည်မှာ မှန်ကန်ပြီး စစ်တပ်ဘက်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ပြောဆိုသည်

အလားတူ ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ပွိုင့် ၄၅၆၁ ဘက်အခြမ်း ၊ စွမ်ဆော်ရပ်ကွပ် ခိုဝင်းရွာတွင် ယနေ့ နံနက် ၄ နာရီမှစတင်ပြီး ပစ်ခတ်သံများ ဆက် တိုက်ကြားရကြောင်း၊ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခြင်းဖြစ်ပြီး မြို့ခံအများ စု က မြို့တွင်း တိုက်ပွဲများဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြကြောင်း ပြောဆိုသည်

“ဒီမနက် ၄ နာရီဖြစ်တာက မြို့အပြင်ဘက်မှာဖြစ်နေကြတာ။ မြို့ထဲတော့ မရောက်လာသေးဘူး။ ကျနော်တို့လည်း သိမ်းစရာရှိတာသိမ်းထားတယ်။ ပြင်ထားတယ်။ မြို့အထဲအထိ တိုက်ပွဲတွေရောက်လာရင်တော့ ပြေးရမှာပဲ” ဟု မူဆယ်မြို့ခံတစ်ဦးက ပြောသည်

ဓာတ်ပုံ- ယနေ့ နံနက်ကော့ကရိတ်မြို့ထဲတွင် စစ်တပ်၏ လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသူ ပြည်သူတစ်ဦး

==========

Leave a Reply

Your email address will not be published. Required fields are marked *