မြန်မာ့အရေးICJကြားနာမှုသို့မြန်မာဘက်ကတက်ရောက်မည့်သူနှင့်ပတ်သက်ပြီးဝိရောဓိဖြစ်နေUNညီလာခံပြီးမှသာရှင်းရှင်းလင်းလင်းသိရမည်ဟုဆို
ရန်ကုန် ၊ ဇူလိုင် ၂၇ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့် လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ကို နိုင်ငံတကာ တရားရုံး ( International Court of Justice – ICJ) တွင် ဆက်လက် ကြားနာစစ်ဆေးခြင်းအား စက်တင်ဘာလနှောင်းပိုင်းမှသာ ပြန်လည် စတင်နိုင်ဖွယ်ရှိပြီး တရားခွင်သို့ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် စစ်ကောင်စီက တက်ရောက်မည်လား
သို့မဟုတ် အမျိုးသားညီညွတ်ရေးအစိုးရက ကိုယ်စားပြုမည်လား ဆိုသည်ကို ဝိရောဓိဖြစ်နေကြောင်း ဂလိုဘယ်တရားမျှတမှု စင်တာ၏ ဥပဒေရေးရာ ညွှန်ကြားရေးမှူး မစ္စတာ ဂရန့်ဆူဘင်က BAP ကိုပြောသည်
ပုံမှန်အားဖြင့် ယခုလ ၂၃ ရက်တွင် တရားခွင်ကြားနာခြင်းကို ဆောင်ရွက်ရမည်ဖြစ်သော်လည်း ထိုကြားနာမှုအတွက် မြန်မာနိုင်ငံဘက်မှ ကိုယ်စားပြု တစ်စုံတစ်ဦးကို စေလွှတ်ခဲ့ခြင်းမရှိသလို အချက်အလက် တစ်စုံတစ်ရာ ပေးပို့ခဲ့ခြင်းလည်း မရှိခဲ့ပေ
ထိုရက်၌ တရားခွင် ကြားနာနိုင်မှု မရှိခဲ့ခြင်းကြောင့် ပဏာမ ခုခံချေပရန် နောက်ဆုံးသတ်မှတ်ရက်သည် ရွှေ့ဆိုင်းသွားမည့် အနေအထားတွင် ရှိနေသော်လည်း ထိုကိစ္စရပ်အပေါ် တရားရုံးမှ လက်ရှိအချိန်ထိ ကြားနာခြင်း ၊ ဆုံးဖြတ်ချက်ချခြင်း မရှိသေးပေ
” အားလုံးစောင့်ဆိုင်းနေတာကတော့ တရားရုံးက ဘယ်လို ဆက်သွားဖို့ဆုံးဖြတ်မလဲဆိုတာပါပဲ။ ပုံမှန်အတိုင်းဆိုရင်တော့ တရားခွင်က နှစ်ဖက် အဆို၊ အချေ ပြုမှုကို ကြားနာရမှာဖြစ်ပါတယ် ” ဟု မစ္စတာ ဂရန့်က ပြောသည်
သို့သော် လက်ရှိအချိန်၌ မြန်မာနိုင်ငံဘက်က ကိုယ်စားပြုတက်ရောက်သူနှင့်ပတ်သက်၍ ဝိရောဓိ ဖြစ်နေသဖြင့် ခုံရုံးအနေဖြင့် အချိန်ယူ စောင့်ဆိုင်းနေခြင်းဖြစ်ကာ စက်တင်ဘာလ၌ ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကိုယ်စားပြု လက်ခံမှုအား မည်သို့ ဆုံးဖြတ်မည်လဲကို စောင့်ကြည့်နေခြင်း ဖြစ်နိုင်ကြောင်း မစ္စတာ ဂရန့်ကပြောသည်
” လက်ရှိမှာ အားလုံးမျှော်လင့်နေတာက UN အထွေထွေညီလာခံက ဆုံးဖြတ်ချက်ပါပဲ ။ တရားခွင်က အဲဒီဆုံးဖြတ်ချက်ပြီးနောက်မှပဲ ပြန်စနိုင်ဖို့ရှိပါတယ် ” ဟု ၎င်းကပြောသည်
နိုင်ငံတကာခုံရုံး၌တရားရင်ဆိုင်ရန်စစ်ကောင်စီကရှေ့နေငှားရမ်းမှုကိစ္စရပ်မှာလည်းရှင်းလင်းသေချာမှုမရှိသေးကြောင်းမစ္စတာဂရန့်ကဆိုသည်
Crd- Burma Associated Press Photo – ICJ