အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ဦးရည်မွန်ကတော့ ယနေ့မနက်ပိုင်းက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ စာတစ်ချို့ကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ ဦးရည်မွန်က သူ့ရဲ့မိခင်ကြီး
ကွယ်လွန်သွားပြီဖြစ်ကြောင်း ပြောကြားထားတာ ဖြစ်ပါတယ် ။ မိခင်ဖြစ်သူကွယ်လွန်တဲ့အချိန် အနားမှာ အတူမရှိပေးနိုင်ခဲ့တဲ့ သူ့ရဲ့အဖြစ်ကို ဖွင့်ဟလာခဲ့တာလည်း ဖြစ်ပါတယ်
အသက် (၈၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးရည်မွန်ရဲ့မိခင်ကြီးက ယနေ့ဇူလိုင်လ (၈)ရက်နေ့မှာပဲ ဘဝတစ်ပါးပြောင်းသွားခဲ့တာ ဖြစ်ပါတယ် ။ မိခင်ဖြစ်သူရဲ့နာရေးသတင်းကိုတော့ ဦးရည်မွန်က အချိန် (၃)နာရီလောက် နောက်ကျပြီးမှ သိလိုက်ရတာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ဦးရည်မွန်က မိခင်နာမကျန်းဖြစ်နေတဲ့ အချိန်မှာရော
ကွယ်လွန်တဲ့အချိန်မှာပါ အနားမှာအတူမရှိပေးနိုင်ခဲ့တဲ့အတွက် သူ့ကိုခွင့်လွှတ်ပေးဖို့ ပြောထားတာ ဖြစ်ပါတယ် ။
လာမယ့် ဇူလိုင်လ (၉)ရက်နေ့၊ နေ့လည် (၂)နာရီမှာ ပို့ဆောင်သင်္ဂြိုဟ်မယ့် မိခင်ကြီးရဲ့နောက်ဆုံးခရီးကိုလည်း ဦးရည်မွန်အနေနဲ့ လိုက်ပါပို့ဆောင်နိုင်ခြင်း မရှိပါဘူး။ ဒါ့ကြောင့် ဦးရည်မွန်က အမေဖြစ်သူကို အဝေးကနေပဲ
ကန်တော့ရင်း ကိုယ်၊နှုတ်၊နှလုံး သုံးပါးလုံးနဲ့ ပြစ်မှားစော်ကားမိသမျှကို ဝန်ချ တောင်းပန်ထားတာလည်း ဖြစ်ပါတယ် ။ “နောက်ဘဝမှာ မေမေ့သားအဖြစ် လူပြန်ဖြစ်ခွင့်ရပါရစေ။ ဒီဘဝ သားတစ်ယောက်ရဲ့ တာဝန် မကျေခဲ့သမျှ
အတိုးနဲ့ ပြန်ဆပ်ပါမယ်။ မေမေ ကောင်းရာသုဂတိ လားပါစေ။ ကျန်ရစ်သူဖေဖေ သက်ရှည်ကျန်းမာပါစေ။” ဆိုပြီး ဦးရည်မွန်က ဆုတောင်းထားတာလည်း တွေ့ရပါတယ်။
Source & Photo Credit-U Yee Mon’s FB Acc