နေပြည်တော်၏ အရှေ့မြောက်စွန်းစွန်းရှိ တောင်ခြေအရပ်သည် သာမန်ပြည်သူများ အနားကပ်ခွင့်မရ သည့် စစ်ဗိုလ်ချုပ်ကြီးများ နေထိုင်ရာ နေရာဖြစ်သည်။ နေပြည်တော် ဇေယျာသီရီမြို့နယ်အတွင်းရှိ ထိုနေရာတွင် စစ်ရုံးကြီးဟု အလွယ်ခေါ်ကြသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးတည်ရှိသည်

ထိုစစ်ရုံးကြီးနှင့် မနီးမဝေးတွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နှင့် ၎င်းတို့ မိသားစုတို့နေထိုင်ရာ သီးသန့်အိမ်ရာတည်ရှိသည်။အနောက်ဘက်တွင် ရေဆင်းဆည်၊ အရှေ့ဘက်တွင် တောတောင်အလွန်ထူထပ်ရာ တောင်တန်းကြီး စသည့် သဘာဝအရံအတားများကြားတွင် စစ်ဗိုလ်ချုပ် ကြီးများ အခြေချေနထိုင်ခြင်းဖြစ်သည်

မကြာသေးမီက Myanmar Now ကရရှိထားသည့် Mytel တာဝိုင်တိုင်များ၏ တည်နေရာအချက်အလက်များ အရ မင်းအောင်လှိုင်၏ နေပြည်တော်အိမ်တွင် အထူးအရေးကြီး Mytel ဆက်သွယ်ရေးတာဝါတိုင် စိုက်ထူ ပေးထားသည်

ဗိုလ်ချုပ်မှုးကြီးအတွက် Mytel VIP တာဝါတိုင်စိုက်ထူးရာ နေရာမှာ အတိအကျအားဖြင့် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၁ မိနစ် ၃၃.၄ စက္ကန့် နှင့် အရှေ့လောင်ဂျီကျူ့ ၉၆ ဒဂရီ ၁၉ မိနစ် ၂၈.၈ စက္ကန့်တွင် (19°51’33.4″N 96°19’28.8″E) ဖြစ်သည်

စစ်တပ်နယ်မြေ Military Zone အဖြစ် သတ်မှတ်ထားပြီး တောတောင်ထူထပ်သည့် မင်းအောင်လှိုင် နေထိုင်ရာ ထိုခြံကြီး၏ အရှေ့မြောက်ဘက်ထောင့်တွင် သီးသန့်တာဝါတိုင်တစ်ခု စိုက်ထူပေးထားသည်ဟု ဗီယက်နမ်စစ်တပ်နှင့် မြန်မာစစ်တပ် ဖက်စပ်ပိုင်သည့် ဆက်သွယ်ရေးကုမ္ပဏီ Mytel ၏ မှတ်တမ်းများ တွင်ဖော်ပြသည်

စစ်အာဏာသိမ်းမှုကြောင့် Mytel ကုမ္ပဏီမှ အလုပ်ကိုစွန့်လွှတ်ခဲ့သူ ဆက်သွယ်ရေး အင်ဂျင်နီယာတစ်ဦး ထံမှ ရရှိသော တာဝါတိုင်များနှင့် မြေအောက်ကေဘယ်ကြိုး ထားရှိရာမြေပုံများတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစုနေထိုင်ရာ ထိုနေရာကို NPW0291, VIP Site server for General’s House ဟု ဖော်ပြထားသည်

ကောင်းကင်ဓာတ်ပုံများအရ တာဝါတိုင်အနီးတွင် ကိုယ်ပိုင်သီးသန့်လမ်းများဖြင့် ဝင်ရောက်နိုင်သော အိမ်ကြီးတစ်လုံးနှင့် အရံအိမ်တစ်လုံး မြင်တွေ့ရသည်။ ထိုအိမ်ခြံဝင်းတွင် ကိုယ်ပိုင်ရေကူးကန်အပြင် တင်းနစ်ကွင်းတစ်ခုလည်း တွေ့ရသည်။ ခြံအနောက်ဖက်တွင် ရေကန်ကြီးတစ်ခုလည်းရှိသည်

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် နေထိုင်ရာ ထိုအိမ်ခြံဝန်းကြီးမှာ Google ကောင်းကင်ဓာတ်ပုံအရ ဧက ၃၀ နီးပါး ကျယ်ဝန်းလေသည်

မင်းအောင်လှိုင်နေထိုင်ရာ ခြံနှင့် မလှမ်းမကမ်းတွင် အခြားသီးသန့်ခြံတစ်ခုလည်းရှိသည်။ အာဏာသိမ်း စစ်ကောင်စီဒုဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ နေအိမ်ဖြစ်သည်။ Google ၏ ကောင်းကင်ဓာတ်ပုံများအရ စိုးဝင်း၏အိမ်ခြံဝင်းမှာ မင်းအောင်လှိုင်၏ အိမ်ခြံဝင်းထက် နှစ်ဆနီးပါး သေးငယ်သည်

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏လုံခြုံရေးအတွက် အကောင်းတကာ့အကောင်း ဆုံး လုပ်ဆောင်ထားသည်ဟု မတ်လကတည်းက အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ခဲ့သူ ဗိုလ်ကြီးဇင်ယော်က ဆိုသည်

“အတွင်းထဲက အခြေအနေတော့ ကျွန်တော်မသိဘူး။ တော်တော်လုံခြုံရေးကန့်သတ်တယ်။ ကျွန်တော် တောင်မှ အဲဒီဂိတ်ရောက်တယ်ဆိုတာက ကားကြုံနဲ့ပါသွားလို့ ကျွန်တော်ရောက်တာ။ လုံခြုံရေးက သူတို့ အနီးကပ်အဖွဲ့တွေပေါ့။ အဲဒီမှာ တပ်ခွဲတစ်ခွဲရှိတယ်။ တစ်ကြီး(မင်းအောင်လှိုင်)အိမ်မှာ တပ်ခွဲ၊ နှစ်ကြီး( စိုးဝင်း)အိမ်မှာ တပ်ခွဲ အဲဒီလိုထားတာ”ဟု ၎င်းက ပြောသည်

စစ်ခေါင်းဆောင်များ နေထိုင်ရာ ထိုအိမ်များသို့ သွားရာလမ်းတွင် ဗိုလ်မှူးအဆင့်ရှိ အရာရှိများ ကွပ်ကဲ သည့် စစ်ဆေးရေးဂိတ်သုံးခုကို ဖြတ်ကျော်ရကာ အဝင်အထွက်တစ်လမ်းသာရှိပြီး လုံခြုံရေးကင်မရာ များစွာ တပ်ဆင်ထားသည်ဟု ဆိုသည်

ထိုပြင် တပ်ချုပ်နှင့် ဒုတပ်ချုပ်တို့နေထိုင်ရာ ထိုဧရိယာကို လက်နက်ကိုင်စစ်သား ၆၀ ခန့်ရှိသည့် တပ်ခွဲနှစ် ခုက လေ့ကျင့်သင်ကြားထားသည့် စစ်ခွေး လုံခြုံရေးအတွက် အထူးလေ့ကျင့်ပေးထားသည့် ခွေးများ အုပ်များဖြင့် အမြဲကင်းလှည့်လေ့ရှိသည်ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်

“ဒါ ကျွန်တော်မြင်ခဲ့တာ။ အတွင်းထဲမှာက အင်္ကျီအဖြူ၊ ပုဆိုးအပြာနဲ့ ဝိတ်တာ (Waiter) လိုပုံစံမျိုးနဲ့ ပန်းပင်ရေလောင်းတဲ့သူက ပန်းပင်လောင်း၊ သစ်ပင်စိုက်တဲ့ သူတွေက သစ်ပင်စိုက် အဲ့လိုမျိုးတွေ လုပ်နေကြတာ” ဟု ၎င်းက ပြောသည်။

စစ်တပ်အတွင်း ထိုအိမ်နှစ်လုံးကို အိမ်တော် ၁ နှင့် အိမ်တော် ၂ ဟုခေါ်ဆိုပြီး အစား၊ အသောက် အသုံး အဆောင်များကို ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်က တစ်ပတ်တစ်ကြိမ်ပေးပို့သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်

“သူတို့(တပ်ချုပ်မိသားစု)ကိုယ်တိုင် အပျော် ဈေးဝယ်ထွက်တာကလွဲရင် ထောက်ပို့၊ ပို့ဆောင်ညွန်ကြားရေး မှူးရုံးက သီးသန့်ကားနဲ့ စားဖို့သောက်ဖို့ အသား၊ ငါး၊ ဆန်၊ ဆီ အဲဒီလိုတွေပို့တာ”ဟု ဗိုလ်ကြီးဇင်ယော်က ကပြောသည်

တပ်ချုပ်မင်းအောင်လှိုင် နေထိုင်ရာ ခြံဝန်းပတ်လည်ရှိ ကွန်ကရစ်လောင်းနံရံများကို အစိမ်းရောင်ဆေး သုတ်ထားသည်ကို ကိုယ်တိုင်မြင်ခဲ့ရပြီး သူငယ်ချင်း၏ ပြောဆိုချက်အရ ထိုနံရံထဲ၌ ဒုံးပစ်လောင်ချာ (RPG) ဒဏ်ခံနိုင်သည့် သံပြားများ ထည့်မြှုပ်ထားသည်ဟု သိရကြောင်း ဗိုလ်ကြီးဇင်ယော်က ပြောသည်

ထို့ပြင် ထိုအိမ်ကြီး၏ မြေအောက်ထဲ၌ Tunnel ခေါ် မြေအောက်လှိုင်ခေါင်းများဖောက်ထားသေးသည်ဟု ၎င်းကပြောသော်လည်း အထက်ပါကိစ္စများကို Myanmar Now က သီးခြားအတည်မပြုနိုင်ပါ

ထိုအဆောက်အအုံနှစ်လုံးမှာ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ပင်လောင်းလမ်းဆုံမှ ၇ မိုင်ခွဲခန့်အကွာ ၌ရှိသည်။ စစ်ဗိုလ်ချုပ်ကြီးများ ရုံးထိုင်ရာ စစ်ရုံးချုပ်ဧရိယာအတွင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရုံးတက်လေ့ရှိသည့် နံပါတ် ၁ ရုံးအဆောက်အအုံနှင့် နေထိုင်ရာအိမ်မှာ တစ်မိုင်ခန့်သာ ကွာဝေးသည်

ဂိတ်များတွင် ကိုယ်ခန္ဓာမှအစ ပါလာသမျှ အိတ်နှင့် ပစ္စည်းများကို ဂိတ်စောင့်စစ်သားများက တစ်ယောက် ချင်းစီ အသေးစိတ် စိစစ်ပြီးမှသာ ဝင်ခွင့်ပြုသည်

နေပြည်တော်ရှိ စစ်ရုံးချုပ်နှင့် မနီးမဝေးတွင် တခမ်းတနားနေထိုင်သည့် အာဏာသိမ်းခေါင်းဆောင်မှာ ဥတ္တရသီရိမြို့နယ် ရာဇသင်္ဂဟအိမ်ရာအတွင်း၌ နေအိမ်တစ်လုံး၊ ရန်ကုန်မြို့ အင်းယျားလမ်းရှိ ခြံအမှတ် ၁၄ တို့ကိုပါ ပိုင်ဆိုင်ကြောင်း လူသိများသည် စစ်တက္ကသိုလ်ရှိရာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပိုင်ဆိုင်သည့် နေအိမ်များရှိသည်ဟု သိရသော်လည်း အတည်မပြုနိုင်ပေ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ ပညာရေးဝန်ထမ်း မိဘနှစ်ပါးက မင်းဘူးမြို့တွင် မွေးဖွားသည့် အာဏာ သိမ်းစစ်ခေါင်းဆောင်မှာ ၁၉၇၄ တွင် စစ်တက္ကသိုလ် အပတ်စဉ် ၁၉ သို့ တက်ရောက်ခဲ့ပြီး နောင်နှစ် ၅၀ အကြာတွင် စည်းစိမ်ဥစ္စာကြွယ်ဝလွန်းသည့် ထိုအခြေအနေရောက်လာသည်

ပြည်သူလုထုမဲပေးထားသည့် ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် အာဏာ သိမ်းပြီးနောက် မင်းအောင်လှိုင်သည် ၎င်း၏ ကာချုပ်ရာထူးသက်တမ်းကို အကန့်အသတ်မဲ့အဖြစ် ပြင်ဆင်ခဲ့သည် အာဏာသိမ်းသည့် အကြောင်းအရင်းများစွာထဲတွင် ၎င်း၏ စည်းစိမ်အာဏာယစ်မူးခြင်းက အဓိက အကြောင်းတရားဟု တပ်တွင်း သုံးသပ်မှုများရှိနေသည် Ref: Myanmar Now

Leave a Reply

Your email address will not be published.