“ကိုကျော်ဝင်း ရှင်တို့တတွေ ဗိုလ်ကြီးတွေ ဗိုလ်ချုပ်ကြီးတွေ လုပ်ပြီးတော့ စကားမတည်ကြဘူး..” တဲ့။ ၂၀၀၃ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်က ထောက်လှမ်းရေးဗိုလ်မှူးချုပ်ကျော်ဝင်းကို ပြောတဲ့ စကား။ တကယ်တော့ အခုမှမဟုတ်။ ဗိုလ်နေဝင်းကစပြီး ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မင်းအောင်လှိုင် အဆုံး ဘယ်ဗိုလ်ချုပ်တွေမှ ကတိစကားမတည်ခဲ့ကြတာကို စစ်တပ်ရဲ့ သမိုင်းစဉ်တလျှောက်လုံးမှာ တွေ့နေရတာပါ။

ဇာတ်လမ်းအစက ၂၀၀၃ ခုနှစ် ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့ကို လုပ်ကြံမှု မအောင်မြင်ခဲ့တော့ နဝတ အဖွဲ့ဟာ လမ်းပြမြေ ပုံ (၇) ချက်ကို ထုတ်ပြန်လိုက်တယ်။ အဲ့ဒီမှာ ‘အမျိုးသားညီလာခံပြန်စဖို့ လုပ်တာ။ ဒေါ်စု ဦးဆောင်တဲ့ NLD က အမျိုးသားညီလာခံကို ၁၉၉၅ ခုနှစ်ကတည်းက သပိတ်မှောက်ထားခဲ့တာ။ အခုပြန်စချင်တော့ NLD တက်ဖို့ လိုအပ်ချက်တခု ဖြစ်နေတဲ့အတွက် ဗိုလ်သန်းရွှေက ဗိုလ်ခင်ညွန့်၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်၊ ကကလှမ်းနိုင်ငံရေးဌာနမှူး ဗိုလ်ချုပ်သန်းထွန်းနဲ့ ဗိုလ်ချုပ်ကျော်ဝင်းတို့ကို ညှိနှိုင်းဖို့ လွှတ်လိုက်တာ။

ပထမအကြိမ် ညှိနှိုင်းတော့ တွေ့ဆုံတာကို လျှို့ဝှက်ထားဖို့ သဘောတူကြတယ်။ နဝတအဖွဲ့ကလည်း “ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး စတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးမယ်။ အမျိုးသားညီလာခံမှာလည်း ဆွေးနွေးချင်တဲ့ အပိုင်းတွေ၊ ပြင်ဆင်ချင်တဲ့အပိုင်းတွေကို ဆွေးနွေးကြမယ်” လို့ ဆွေးနွေးလာတယ်။

ဒေါ်အောင်ဆန်းကြည်ကလည်း “ဒီပဲယင်း လုပ်ကြံမှုကို အပြစ်မယူတော့ဘဲ ၂၀၀၄ မှာ ပြန်လည်ကျင်းပမယ့်အ မျိုးသားညီလာခံကို တက်မယ်”လို့ ပြန်လည်ဆွေးနွေးပြီး သဘောတူခဲ့ကြတယ်လို့ဆိုပါတယ်။ အဲဒီနောက်မကြာပါဘူး။

ဗိုလ်သန်းရွှေက နောက်တကြိမ် သူ့စစ်ကျွန်တပည့်တွေကို ထပ်လွှတ်တယ်။ ဒီတကြိမ်မှာလည်း ကတိစကားကို မလိမ့်တပတ်လုပ်ပြီး “ညီလာခံကို NLD ကို အရင်တက်လိုက်ပါပြီးမှအခြေအနေကြည့်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့အဖွဲ့ တွေလွှတ်ပေးမယ်” လို့စကားကိုပြင်ပြောလာတယ်။

အဲ့သလိုပြောတာကြောင့် ဒေါ်အောင်ဆန်းစုကြည်က “ကိုကျော်ဝင်း…။ရှင်တို့ စစ်ဗိုလ်ကြီးတွေ ၊ဗိုလ်ချုပ်တွေလုပ်ပြီး စကားမတည်ကြဘူး”လို့တုံ့ပြန်လိုက်တာ။ မြန်မာသမိုင်းမှာရှိခဲ့ဖူးတဲ့ လဂွမ်းအိမ်နဲ့ သတိုးတို့ဆိုထား သစ္စာပျက်ယွင်းခဲ့သလိုပါပဲ။

ဗိုလ်သန်းရွှေကတိပျက်ယွင်းတာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့NLDပါတီ ဟာလည်း အမျိုးသားညီလာခံကို မတက်ရောက်ခဲ့ကြတော့ပါဘူး။ ဒီလိုနဲ့ သန္ဓေမမှန်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်ပုံအခြေခံဥပဒေလည်း ပေါ်ထွက်လာခဲ့တယ်။

တကယ်တော့ ဗိုလ်ချုပ်ကြီးတွေ၊ စစ်သားတွေကတိမတည်ခဲ့တာ အခုမှမဟုတ်။ အစဉ်အဆက်ဗိုလ်ချုပ်ကြီးတွေ စကားမတည် သစ္စာဖောက်ဖျက်ခဲ့ကြတာပါ။ ဒါဟာ ဆရာကြီးတွေရဲ့ ‘မှားယွင်းတဲ့သင်ကြားမှုလား။ နောက် လူတွေရဲ့ သင်ယူမှုမှားခဲ့တာလား’။ စစ်ပရိယာယ်ဆိုတဲ့အမှားစွဲကြောင့် လူထုကို ကတိဖျက်လေသလား။’ဘာပဲ ဖြစ်ဖြစ် စစ်တပ်ဟာ သမိုင်းတလျောက်လုံး ကတိမတည်ခဲ့တဲ့သာဓကတွေ တကြိမ်မက ရှိခဲ့ပါတယ်။

၁၉၆၂ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းစဉ်ကလည်း ၁၉၅၈ ခုနှစ် ဦးနုနဲ့ ပထစအစိုးရအပေါ်ပေးထားခဲ့တဲ့ ကတိကို ဖျက်ပြီး အာဏာသိမ်းယူခဲ့တာပဲမဟုတ်လား။ ဗိုလ်နေဝင်းပေးခဲ့တဲ့ကတိက “ တပ်မတော်က အာဏာသိမ်းမည်ဆိုလျှင် ကျွန်တော်အနေနဲ့ ခေါင်းဆောင်အဖြစ်လည်းကောင်း နောက်လိုက်အဖြစ်လည်းကောင်း မည်သည့်နည်းနှင့်မျှ ပါဝင်မည်မဟုတ်ပါ ”လို့ ကတိသစ္စာဆိုခဲ့တအဲဒီကတိသစ္စာကို ဖျက်ပြီး အာဏာသိမ်းယူခဲ့တာကလည်း အထင်ကရပါပဲ။

ကတိဖျက်ခြင်းဟာ စစ်ပရိယာယ်တခုဆိုရင် လောကပါလတရားတွေ ပျက်စီးခဲ့တာ ကြာပေါ့။ ပြည်သူလူထုနဲ့ နိုင်ငံတော်အပေါ်မှာ အုပ်ချုပ်သူခေါင်းဆောင်တယောက်အနေနဲ့ ကတိသစ္စာဖျက်လို့ မရနိုင်ပေဘူး။ အုပ်ချုပ်ရေးနည်းပရိယာယ်ဆိုတာ လူထုကို ပေးထားတဲ့ ကတိသစ္စာ ပျက်ယွင်းခြင်းတော့ မဟုတ်တန်ရာ။

ဗိုလ်နေဝင်းဟာ အဲဒီလို ကတိသစ္စာဖျက်ပြီး အာဏာသိမ်းယူပြီးတဲ့နောက်လည်း လူထုအပေါ်မှာ အကြိမ်ကြိမ် လိမ်လည်လှည့်ဖြား ကတိဖျက်ခဲ့တာတွေ အများကြီးလုပ်ခဲ့တယ်။ တခါ ကတိပျက်ပြီးရင် ထပ်လုပ်ဖို့ ဝန်မလေးတော့တာလည်းပါမှာပါ။ အာဏာရှင် လိမ်လည်မှုကိုလည်း ဗိုလ်နေဝင်းကာလတလျှောက်လုံး လုပ်ခဲ့တာ။

အထင်ရှားဆုံး သာဓကတခုကတော့ ၁၉၈၇ ခုနှစ် ငွေစက္ကူကိစ္စပဲ။ ၇၅ ကျပ်တန်၊ ၅၀ ကျပ်တန်၊ ၃၅ ကျပ်တန် ငွေစက္ကူတွေ ဖျက်သိမ်းတော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်ချိန်မှာ ဗိုလ်နေဝင်းဟာ ကောလာဟလလွှင့်တဲ့သူတွေဆိုပြီး မြောက်ဥက္ကလာဘက်က လူတချို့ကိုအ ဖမ်းပြပြီး သတင်းစာကနေ ထုတ်ပြန်ဖော်ပြခဲ့တယ်။ လူထုယုံကြည်စွာ အသုံးပြုနေပြီဆိုတဲ့အချိန် ရောက်မှ အဆိုပါငွေစက္ကူတွေ ဖျက်သိမ်းကြောင်း ကြေညာလိုက်ပါတော့တယ်။ ဒါဟာ လူတဦး တယောက်အပေါ် ကတိဖျက်ခြင်းမဟုတ်ဘဲ ပြည်သူတရပ်လုံးအပါ် သစ္စာမဲ့လိုက်တာပဲ။

၁၉၈၈ အရေးတော်ပုံမှာလည်း စစ်တပ်က အာဏာသိမ်းပြီး လူထုငြိမ်သက်စေဖို့ ရွေးကောက်ပွဲကို ၁၉၉၀ မှာ လုပ်ပေးခဲ့တယ်။ အဲဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နဝတအဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ၁၄/၈၉ မှာ “ရွေးချယ်ခံရသော လွှတ်တော် ကိုယ်စားလှယ်များဖြင့် ပြည်သူ့လွှတ်တော် ဖွဲ့စည်းရမည်။ ထိုရွေးကောက်ပွဲများသည် အမျိုးသားဥပဒေပြုလွှတ်တော်ကို ဖွဲ့စည်းပေးစေနိုင်မည်။”လို့ ပါရှိခဲ့တယ်။ ကမ္ဘာသိ ထုတ်ပြန် ကြေညာခဲ့တယ်။ ရွေးကောက်ပွဲကာလ အာဏာသိမ်းခေါင်းဆောင် ဗိုလ်စောမောင်က နိုင်ငံခြား သတင်းထောက်ရဲ့ အမေးကို “နိုင်တဲ့ပါတီကို အာဏာအပ်မှာပါ။ အာဏာအပ်ပြီး စစ်တပ်က ဘားတိုက်ပြန်မယ်”လို့ ဖြေခဲ့သေးတယ်။

ရွေးကောက်ပြီးလို့ NLD အနိုင်ရပေမယ့် အာဏာမအပ်၊ လွှတ်တော်ဖွဲ့ခွင့်မပေးတဲ့အပြင် ၁/၉၀ ဆိုပြီး ထုတ်ပြန်ပြီး ၁၄/၈၉ကို ကျော်လိုက်ပြန်ပါတယ်။ ၁/၉ဝမှာက “အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ခဲ့ကြသော ပါတီအများစု၏ဆန္ဒမှာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေးဖြစ်သည်။ ထို့ကြောင့် လက်ရှိအခြေနေ၌ ပြည်သူက ရွေးချယ်ထားသော ကိုယ်စားလှယ်များသည် အနာဂတ် ဒီမိုကရေစီနိုင်ငံအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရန် တာဝန်ရှိသူများဖြစ်သည်” လို့ ဆိုပြန်ပါတယ်။

အနိုင်ရပါတီတို့ရဲ့ လွှတ်တော်ဖွဲ့စည်းခွင့်ကို ဒီကြေညာချက်နဲ့ ပယ်ဖျက်လိုက်တာ။ လွှတ်တော်ခေါ်ခွင့် မရပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခွင့် ရှိသေးတယ်လို့ ထင်ရင်မှာလိမ့်မယ်။ အဲဒီကြေညာချက် ထုတ်ပြန်ပြီး ၂ နှစ်ကြာ အချိန်ယူပြီး ၁၃/၉၂ ကို ကြေညာရင်း ဦးတည်ရမယ့် အခြေခံမူတွေကို ထုတ်ပြန်ခဲ့တယ်။ တပြိုင်တည်း အမျိုးသားညီလာခံ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်မျိုးညွန့်ကို တာဝန်ပေး ဖွဲ့စည်းလိုက်တော့တယ်။

NLD အဖို့ကတော့ အနိုင်ရပါတီအဖြစ် သမိုင်းတင်ကျန်ခဲ့တာကလွဲပြီး ဘာမျှ လုပ်ပိုင်ခွင့်မရှိ ဖြစ်ခဲ့တယ်။ အဲသလို ကြေညာချက်အမျိုးမျိုးထုတ်ပြီး အချိန်ဆွဲ လိမ်ညာခဲ့တာဟာ နှစ်ပေါင်း ၂၀ ကြာခဲ့တယ်။ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ကတိဆိုတာ ယုံစားလို့မရနိုင်တဲ့ သက်သေတွေပဲ။ ကမ္ဘာသိ ကြေညာချက်ထုတ်ပြီး လိမ်လည်ခဲ့တဲ့ သာဓကတွေ အရှိသားပဲလေ။

ဗိုလ်နေဝင်း၊ ဗိုလ်စောမောင်နဲ့ ဗိုလ်သန်းရွှေတို့သာမက နောက်တက်လာတဲ့ ဗိုလ်သိန်းစိန်လည်း ကတိဖျက်ခဲ့တာပဲလေ။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်သိန်းစိန်တို့ ဘာကတိတွေ ရှိခဲ့လဲ မသိ။ ဒေါ်အောင်ဆန်းစုကြည်က ‘ဦးသိန်းစိန် ကတိဖျက်တယ်’ လို့ ဆိုလာခဲ့တယ်။ အခု ဗိုလ်မင်းအောင်လှိုင်လည်း ၂၀၂၀ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး အာဏာလုခဲ့ပြန်တယ်။

၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲမှာ ဗိုလ်မင်းအောင်လှိုင်က မဲထည့်ရင်း “ကျွန်တော်ကတော့ ပြည်သူ့ဆန္ဒနဲ့ထွက်ပေါ်လာတဲ့ရလဒ်ကို လက်ခံရမှာပါ။ ဒါကတော့ ဘယ်လိုမှ ငြင်းပယ်လို့မရဘူး။ လက်ခံရမှာပဲ”လို့ ကတိစကားကြွယ်ခဲ့ပါသေးတယ်။ အဲ့လို ကတိစကားလုပ်ပြီးတဲ့နောက်မှာတော့ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ရက် နေ့မှာ အဓမ္မအာဏာကို လုယူလိုက်ပါတော့တယ်။

အခုလည်း ‘၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမယ်’လို့ ကတိစကားဆိုနေပြန်ပါပြီ။ မြန်မာပြည်သူတွေအနေနဲ့ကတော့ အလိမ်ခံရတဲ့ အကြိမ်ရေများစွာ တွေ့ကြုံပြီးပါပြီ။ စစ်တပ်ရဲ့ ကတိဖျက်မှုကလည်း စစ်ပဒေသရာဇ်အာဏာရှင်အဆက်ဆက် ကြုံတွေ့ခံစားခဲ့ရပြီးပါပြီ။

မြန်မာပြည်သူတွေအနေနဲ့ကလည်း စစ်တပ်ရဲ့ ကတိစကားကို ယုံကြည်မှုမရှိတဲ့အပြင် ၂၀၀၈ ခြေ/ဥ ကို ဖျက်သိမ်းပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဖော်ဆောင်နိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကိုသာ မျှော်လင့်နေကြတယ်။ အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေသစ်နဲ့အတူ အစိုးရတရပ်ရဲ့ စီမံခန့်ခွဲမှုအောက်က ဖက်ဒရယ်တပ်မတော်တရပ်ကိုသာ လိုလားနေကြတာကို လည်း တွေ့ရတယ်။ အနာဂတ်မြန်မာနိုင်ငံရေးမှာ အရာအာလုံး အသစ်ဖြစ်ရေးကိုသာ တောင်းဆိုလာကြတယ်။

ဒါဟာ အဖြစ်သင့်ဆုံးနဲ့ အသင့်အလျော်ဆုံးသော လူထုဆန္ဒပင် ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကတိစကားဖျက်လေ့ရှိတဲ့ စစ်အာဏာရှင်တို့ရဲ့ လှည့်စားမှုမှ ကင်းဝေးပြီး ၂၀၂၀ ရွေးကောက်ပွဲ နှစ်လည်နေ့မှာ လူထုဆန္ဒတွေ ပြည့်ဝလာစေကြောင်း ဆန္ဒပြုလိုက်ရပါတယ်။

ဂန္ထဝင်မောင်ထူး

Leave a Reply

Your email address will not be published.